တနင်္သာရီဝန်ကြီးချုပ်အပါအဝင် လေးဦးအား အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲမော်အား ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်လိုက်ပြီး ကျန် သုံးဦးကိုလည်း သီးခြားစွဲချက်များဖြင့် အမှုဖွင့်အရေးယူလိုက်သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မတ် ၁၀ ရက်နေ့ ညနေပိုင်းတွင် ကြေညာသည်။

ပြီးခဲ့လများက စတင်ကာ ဒေါက်တာလဲ့လဲ့မော်နှင့် ပတ်သက်ပြီး ဒေသခံများ၏ မကျေနပ်မှုများ ပေါ်ထွက်ခဲ့ပြီးနောက် တိုင်ကြားမှုများရှိလာသဖြင့် ကော်မရှင်က စုံစမ်းစစ်ဆေးကာ ယခုလို အရေးယူလိုက်ခြင်းဖြစ်သည်။

“ဒေါက်တာ လဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများ ကျူးလွန်ကြောင်း တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ပါသည်” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကော်မရှင်က နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၄ ရက်နေ့မှ မတ် ၆ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်အရ ထားဝယ်လေဆိပ်အတွင်း ချုံနွယ်ရှင်းလင်းရန်အတွက် တင်ဒါမခေါ်ယူပဲ F-22 Construction Co. Ltd အား ကျပ်သိန်း ၄,၀၀၀ ဖြင့် ဒေါက်တာလဲ့လဲ့မော်က တိုက်ရိုက်ခွင့်ပြု ဆောင်ရွက်စေခဲ့သည်ဟု ဆိုသည်။

“တိုက်ရိုက်ခွင့်ပြုဆောင်ရွက်စေခြင်းသည် တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးများ၏ ဒေသန္တရပေါက်ဈေးများနှင့် နှိုင်းယှဉ် တွက်ချက်မှုအရ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရကြောင်း” ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁ ဒသမ ၉ ဘီလျံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီးနောက် ၎င်းခင်ပွန်းက ဝယ်ယူထားသည့် မြေကွက်နှစ်ကွက်အား အုတ်ခြံစည်းရိုးကာရံပေးရန် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးအား စေခိုင်းခဲ့သည်ဟုဆိုသည်။ ထို့နောက် ၎င်းအား စုံစမ်းစစ်ဆေးသည့်အခါမှ ကျသင့်ငွေ ကျပ်သိန်း ၁၄၀ အား ပြန်လည်ပေးချေခဲ့သည်ဟုဆိုသည်။

“ထိုက်သင့်သည့်တန်ဖိုး ပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း” ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်၌ ဆက်လက်ဖော်ပြထားသည်။

ကျပ်သိန်း ၃၂၀ သာတန်ဖိုးရှိသည့် မိသားစုပိုင် နေအိပ်နှင့် မြေကွက်အား ကျပ်သိန်း ၂၀၀၀ ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ပြီးနောက် သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာလေးလုံး တည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ရန် GGS ကုမ္ပဏီ ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူ နေရာတွင် တိုင်းအစိုးရအဖွဲ့ ကိုယ်စား အတွင်းရေးမှူးနှင့်၊ လုပ်ကိုင်ခွင့်ရသူ နေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှစ၍ စစ်ဆေးသည့်အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း ၈,၀၀၀ ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်းလည်း စုံစမ်းစစ်ဆေးရာတွင် ပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ပြောကြားသည်။

“အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရပါသည်” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြားပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှုလေးမှုခွဲ၍ အရေးယူ ဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ၂၀၁၉ ခုနှစ်၊ မတ် ၁၀ ရက်နေ့တွင် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု ကော်မရှင်က ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်မပိုသော ထောင်ဒဏ်ကို ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

မကြာသေးမီက တနင်္သာရီတိုင်းဒေသကြီးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေသခံများက တိုင်ကြားမှုများရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်း၏ခရီးစဉ်သည် တိုင်းဒေသကြီးအစိုးရအား ဆုံးမရန် လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တနင်္သာရီတိုင်းဒေသကြီးအစိုးရကို ဆုံးမရန် လာခဲ့ခြင်းဖြစ်သည့်အတွက် ဆုံးမစရာများ ဆုံးမမည်ဖြစ်ကြောင်း၊ တနင်္လာရီတိုင်းဒေသကြီးအစိုးရသည် ပြည်သူလူထု ကျေနပ်မှု အနည်းဆုံး အစိုးရအဖွဲ့ဖြစ်ကြောင်းနှင့် ၂၀၂၀ မဲ လိုချင်သောကြောင့်မဟုတ်ဘဲ တိုင်းပြည်ကောင်းရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် တိုင်းအစိုးရအပေါ် လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ဒေသခံများအား ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar