တတိယအကြိမ် လွတ်ငြိမ်းခွင့်၌ နိုင်ငံရေးနှင့်ဆက်နွယ်သူများ ပါဝင်မည်ဟုဆို

ရဲမွန်

သမ္မတဦးဝင်းမြင့်က ယနေ့ (ဧပြီ ၂၆ ရက်နေ့) ထုတ်ပြန်သည့် ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့် အမိန့်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်လာခြင်းမရှိသေးသော်လည်း တတိယအကြိမ်တွင် ပါဝင်လာမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

နောက်တစ်ကြိမ် ထပ်မံထုတ်ပြန်မည့် လွတ်ငြိမ်းသက်သာခွင့်အမိန့်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့မှ အဖွဲ့ဝင်များလည်း ပါဝင်မည်ဖြစ်သော်လည်း မူးယစ်ဥပဒေအရ ဖမ်းဆီးခံထားရသူများကိုလည်း ဦးစားပေးအနေဖြင့် လွှတ်ပေးဦးမည်ဟု ၎င်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားသည်။

“တချို့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာလေးတွေ ပြောထားတာရှိပါတယ်။ အဲ့ဒါတွေလည်း ကျွန်တော်တို့ အကုန်ပြန်လွှတ်ဖို့ရှိပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ယနေ့ထုတ်ပြန်သည့် လွတ်ငြိမ်းသက်သာခွင့်အမိန့်တွင် နိုင်ငံသား အကျဉ်းသူ၊ အကျဉ်းသား ၆,၉၄၈ ဦးပါဝင်ပြီး ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ပဲခူးနှင့် တနင်္သာရီ စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုတို့မှ ဖြစ်သည်ဟုလည်း သမ္မတရုံးမှ သိရသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီ ၁၇ ရက်နေ့က ထုတ်ပြန်သည့် ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့် အမိန့်တွင် ၉,၅၅၁ ဦး ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ခံရသူ နှစ်ဦးသာပါဝင်ခဲ့သည်။

ယခုဒုတိယအကြိမ်တွင်လည်း နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ခံရသူနှစ်ဦးသာ ပါဝင်ပြီး လာမည့် ဇွန်လတွင် ပြစ်ဒဏ်ပြည့်မည့်သူများ ဖြစ်ကြသည်။

၎င်းနိုင်ငံရေးအကျဉ်းသားနှစ်ဦးမှာ ဒုက္ခသည်အရေး ဆန္ဒထုတ်ဖော်ရာတွင် တပ်မတော်ကို ဝေဖန်သည့် စကားများပြောခဲ့ခြင်းကြောင့် ပုဒ်မ ၅ဝဝ ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေကျပ် ငါးသိန်းစီ ကျခံနေရသည့် ကိုလွမ်းဇောင်းနှင့် ကိုဇော်ဂျက်တို့ ဖြစ်သည်။ ၎င်းတို့သည် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာမည်ဖြစ်သည်။

ကိုဇော်ဂျက်က ၎င်းတို့မှာ ပြစ်ဒဏ်မှ မကြာခင်လွတ်မြောက်တော့မည့်သူများ ဖြစ်ခြင်းကြောင့် ယခုလို လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်မြောက်လာသည့်အပေါ် မည်သို့မှ မခံစားရကြောင်းနှင့် လွတ်မြောက်နေပြီဖြစ်သော်လည်း ၎င်းတို့အပြစ်မရှိကြောင်းကို တရားလွှတ်တော်ချုပ်ထံ အယူခံ ထပ်တက်သွားမည်ဟုလည်း ပြောသည်။

“လွတ်ငြိမ်းမလာရင်တောင် ကျွန်တော်တို့က လွတ်တော့မှာလေ။ အဲဒီအပေါ် ဘာခံစားချက်မှကို မရှိဘူး” ဟု ၎င်းကဆိုသည်။

ပထမအကြိမ် လွတ်ငြိမ်းခွင့်တွင် မြန်မာနိုင်ငံ၏ နာမည်ကျော် အင်းစိန်ထောင်မှ အကျဉ်းသူ၊ အကျဉ်းသား ၇၀၀ ခန့် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် တစ်ဦးမှ ပါဝင်လာခြင်းမရှိပေ။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးလှှုပ်ရှားမှုများကြောင့် ထောင်ဒဏ်ကျခံနေရသူ ၄၅ ဦးရှိပြီး ၃၁၉ ဦးမှာ တရားရင်ဆိုင်လျက်ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ သိရသည်။

သို့သော် တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံ အကျဉ်းဦးစီးဌာနကမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း ငြင်းဆိုထားပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများစွာ ပါဝနေသည့် လွှတ်တော်နှင့် အစိုးရအဖွဲ့ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အပေါ် အစိုးရအဖွဲ့က အရေးယူရမည်ဖြစ်ပြီး ယင်းဌာနတွင် ထိုသို့ ထုတ်ပြန်နိုင်သည့် အခွင့်အာဏာမရှိဟုဆိုသည်။

“ဒါကအစိုးရသဘောထားဖြစ်မယ်လို့ ကျွန်တော်တို့မထင်ဘူး။ အစိုးရက တစ်ခုခု ပြောသင့်ပါတယ်” ဟု ၎င်းက ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.