တစ်ပါတီအာဏာရှင်စနစ်ကို ကာကွယ်ထားတဲ့ ဥပဒေကို ပယ်ဖျက်ဖို့ ကြိုးပမ်း

နေပြည်တော်၊ မေ ၂

၁၉၇၄ မှာ ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥဒေကို အတည်ပြုလိုက်ပြီး နောက်တစ်နှစ်မှာ အဲဒီတစ်ပါတီအာဏာရှင် စနစ်ကို ကာကွယ်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတစ်ခုကို ပြန်လည်ရုပ်သိမ်းဖို့ ပြည်သူ့လွှတ်တော်က ကြိုးပမ်းလိုက်ပါတယ်။

“နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကို ပြန်လည်ရုပ်သိမ်းသည့်ဥပဒေကြမ်း” လို့ အမည်တွင်တဲ့ ဥပဒေကြမ်းတစ်ခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက မေ ၂ ရက် အစည်းအဝေးမှာ တင်သွင်းလိုက်တာပါ။

အဲဒီဥပဒေဟာ ဒီကနေ့ နိုင်ငံတော်ရဲ့ အခြေခံမူပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိသလို နိုင်ငံသားများရဲ့ အခွင့်အရေးတစ်စုံ တစ်ရာ (သို့မဟုတ်) အများကို ကန့်သတ်နိုင်တဲ့ ဥပဒေဖြစ်လို့ နိုင်ငံသားများရဲ့ အကျိုးစီးပွားများနဲ့ ဆန့်ကျင်နေပါတယ်လို့ ကော်မတီရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးပေါ်ကာလပြဋ္ဌာန်းချက်များ ဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေ ပြဋ္ဌာန်းထားပြီး ဖြစ်တာကြောင့် ဆက်လက်ကျင့်သုံးဖို့ မလိုအပ်တော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဥပဒေရဲ့ အနှစ်သာရဖြစ်တဲ့ သက်ဆိုင်ရာ တရားရုံးတွေက ပြစ်မှုကျူးလွန်ကြောင်း မဆုံးဖြတ်သေးသ၍ အပြစ်မဲ့သူဟု မှတ်ယူရမည့်မူနှင့် ဆန့်ကျင်နေကြောင်း၊ စွပ်စွဲချက်သက်သက်နဲ့ မကျူးလွန်ရသေးတဲ့ ပြစ်မှုအတွက် ကြိုတင်အပြစ်ပေးရာရောက်နိုင်တာကြောင့် ဥပဒေရေးရာမှာ မလိုလားအပ်သော အရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ “၈၈ ခုနှစ် ဆိုရှယ်လစ်အာဏာရှင်စနစ် ကျဆုံးကတည်းက ဒီဥပဒေကို ဖျက်လိုက်ရမှာလေ။ အဲဒါကို မဖျက်ဘဲနဲ့ စစ်အာဏာရှင်တွေက ဆက်သုံးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့၊ ဦးကြည်မောင်တို့ကို အကျဉ်းချုပ်တွေ အကျယ်ချုပ်တွေ လုပ်သွားတာ” လို့ ရှင်းပြပါတယ်။

ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာမှာလည်း ဒီဥပဒေပါ နိုင်ငံသားအခွင့်အရေး ကန့်သတ်ချက်တွေဟာ လက်ရှိ အခြေခံဥပဒေမှာ သတ်မှတ်ပေးထားတဲ့ နိုင်ငံသားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးရမယ့် ပြဋ္ဌာန်းချက်များနဲ့ ဆန့်ကျင်နေတယ်လို့ ပါဝင်ပါတယ်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အစည်းက ကိုဂျင်မီကတော့ “နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တဲ့ အခြေအနေတစ်ခုပါပဲ။ နှစ်ပေါင်းများစွာခံစားခဲ့ရတာကိုးဗျ။ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အားတက်စရာပေါ့” လို့ မှတ်ချက်ပြုပါတယ်။ အကြောင်းတစ်ခုခုဖြစ်လာတိုင်း တိုင်းပြည်ကို ဆူပူတယ်၊ ဖျက်ဆီးတယ်၊ နှောက်ယှက်တယ်ဆိုပြီး နှိပ်ကွပ်တဲ့ ဥပဒေမျိုးတွေမရှိဖို့ လိုတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒီဥပဒေကို ပယ်ဖျက်ဖို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ကော်မတီတို့နဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သူရဦးရွှေမန်းဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။

ပယ်ဖျက်ဖို့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်ရုံးက ညွှန်ကြားထားခြင်းဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးဆွေးနွေးလိုသူတွေ မေ ၅ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာထားပါတယ်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar