တစ်နှစ်ကျော်အတွင်း ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုမှု တစ်ဟုန်ထိုးမြင့်တက်လာ

ရန်ကုန်၊ ဇွန် ၆

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုမှုများမှာ တစ်နှစ်ကျော်ကာလအတွင်း တစ်ဟုန်ထိုး မြင့် တက်လာနေကြောင်း ယင်းကိစ္စအပေါ် အထူးပြုလေ့လာနေသည့် ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသန အဖွဲ့မှ ရရှိသောအသေးစိတ်စာရင်းများအရ သိရသည်။

ဥပဒေကို ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ မတ်လကုန်အထိ လေးနှစ်ခန့်အတွင်း အဆိုပါပုဒ်မဖြင့် တရားစွဲဆိုမှု ခုနစ်မှုသာရှိခဲ့သော်လည်း ထိုအချိန်မှစ၍ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့အထိ ၆၁ မှုအထိ ရှိလာနေပြီဖြစ်သည်။

ထို့ကြောင့် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံရသူ စုစုပေါင်း ၆၈ မှုအထိ ရှိလာကာ ထိုအထဲတွင် သတင်းမီဒီယာသမားများကို စွဲဆိုသော အမှုကိုးမှုလည်း အပါအဝင်ဖြစ်သည်။

အနီးစပ်ဆုံးဖြစ်သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်း ယင်းပုဒ်မကြောင့် ဖမ်းဆီးခံရမှုကိုကြည့်လျှင် သရော်စာတစ်ပုဒ် ဖော်ပြမှုကြောင့် သတင်းမီဒီယာကို ဖွင့်သောအမှု၊ ပြဇာတ်တစ်ပုဒ်ကို ဖေ့စ်ဘွတ်ခ်ပေါ် လွှင့်တင်မှုကြောင့် အခြားပုဒ်မဖြင့် တရားစွဲဆိုခံထားရရာမှ ပုဒ်မ ၆၆ (ဃ)ဖြင့် ပြောင်းလဲစွဲဆိုခံရသော လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားတစ်ဦး၏ အမှု စုစုပေါင်းနှစ်ခုကို တွေ့ရပြီး နှစ်မှုစလုံးမှာ တပ်မတော်က စွဲဆိုထားခြင်းဖြစ်ကာ အာမခံလည်း မရရှိသေးပေ။

သရော်စာဖော်ပြမှုကြောင့် တရားစွဲဆိုခံထားရသော The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါး ရှင် ဗြိတိသျှကိုကိုမောင်တို့မှာ ဇွန် ၂ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရဲစခန်း၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး စစ်ပွဲများအလိုမရှိပြဇာတ်ကို ဖေ့စ်ဘွတ်ခ်တင်သူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ (HRAA) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးကမူ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆ (ဃ)ဖြင့် ဇွန် ၄ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ် သည်။

အဆိုပါ ပုဒ်မကို ပြင်ဆင်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်းများမှ အစဉ်တစိုက် တောင်းဆိုနေကြပြီး အာမခံပေးနိုင်ရေးအတွက် ပြန်လည်ပြင်ဆင်ထားသည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က မေ ၄ နေ့ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာသမားများကို ပြောကြားခဲ့ဖူးသည်။

သို့သော် ဒေါ်နုနုရင်က အသေးစိတ် ဆက်လက်မပြောကြားသဖြင့် ရဲအရေးပိုင်သောအမှုဖြစ်၍ အသရေဖျက်မှုကဲ့သို့သော ကိစ္စမျိုး၌ပင် နစ်နာသည်ဟု ယူဆသူက အမှုဖွင့်ရုံဖြင့်ပင် ဖမ်းဆီးခံရနိုင်သည့် အခြေအနေကို ပြင်ဆင်ထားခြင်း ရှိမရှိ သေချာစွာမသိရသေးပေ။

ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့တွင် ပါဝင်လုပ်ကိုင်နေသည့် ကဗျာဆရာ မောင်ဆောင်းခက လက်ရှိအခြေအနေများနှင့် ပတ်သက်၍ “လူတွေဟာ သူတို့ဘာပြောမလဲဆိုတာကို ထိန်းချုပ်နိုင်ပေမယ့် အပြောခံရတဲ့သူဘက်က ဘယ်လိုတွေးမလဲဆိုတာ ထိန်းချုပ်လို့မရပါဘူး။ ဝေဖန်မှုတိုင်းကို အသရေဖျက်မှုလို့ ခေါင်းစဉ်တပ်ပြီး စွဲနေတာတွေကို ရပ်ပစ်ဖို့ဆိုရင် ဒီပုဒ်မ မရှိတော့မှာကိုအဆင်ပြေမှာပါ။ လွှတ်တော်အနေနဲ့ တစ်ခုခုတော့ စလုပ်သင့်ပါပြီ” ဟု Frontier ကို မှတ်ချက်ပြု ပြောကြားသည်။

လက်ရှိတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကြံပြုချက်ပြန်လည်ပေးပို့ထားသည့် ဆက်သွယ်ရေး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ထံသို့ ရောက်မရောက်နှင့် မည်သည့် အချိန်တွင် လွှတ်တော်တစ်ရပ်ရပ်သို့ တင်သွင်းလာမည်ကိုမူ စုံစမ်း၍ မရသေးပေ။

ထို့အတူ မေ ၁၈ ရက်တွင် စတင်ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် အစည်းအဝေးများ ရက်သတ္တပတ်နှစ်ပတ်ရှိလာချိန်အထိ ပုဒ်မ ၆၆ (ဃ)နှင့် ပတ်သက်၍ မည်သည့် လွှတ်တော်ကိုယ်စားလှယ်ကမှ အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ ပြင်ဆင်လိုသည့်ဥပဒေကြမ်းတင်သွင်းခြင်းတို့ ပြုလုပ်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar