တစ်နိုင်ငံလုံးတွင် နိုင်ငံသားစိစစ်ပြီးသူ လေးသောင်းနီးပါးရှိ

နေပြည်တော်၊ မေ ၄

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (Idenity Card for National Verification- NVC) ထုတ်ယူပြီး နိုင်ငံသားစိစစ်ပြီးသူ ၃၅,၉၄၂ ဦးရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ယခင်က ထုတ်ပေးထားတဲ့ ယာယီသက်သေခံ လက်မှတ် (White Card)ကို ပြန်အပ်ပြီး NVC နဲ့ နိုင်ငံသား စိစစ်တဲ့လုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်၊ ဇွန်လကစတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ မတ်လကုန်အထိ အထက်ပါပမာဏကို နိုင်ငံသားစိစစ်ပြီးတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ White Card ကိုင်ဆောင်ထားသူ ခုနစ်သိန်းခန့်ရှိနေပြီး မြန်မာနိုင်ငံမှာ အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ကတ်ပြား ပြန်အပ်သူ လေးသိန်းခန့်သာရှိပြီး NVC ကတ်ပြန်လုပ်သူကတော့ ၇,၅၄၈ ဦးသာရှိတယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေကို နေပြည်တော်၊ ပြန်ကြားရေးရုံးမှာ မတ် ၂ ရက်နေ့က ပြုလုပ်တဲ့ အစိုးရ တစ်နှစ်တာကာလ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဌာနက ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံသားစိစစ်တဲ့အချိန်မှာ အရည်အချင်းမပြည့်မီသူ ဘယ်နှစ်ဦးတွေ့ရှိရပါသလဲနဲ့ သူတို့တွေနဲ့ ပတ်သက်ပြီး ဘယ်လို စီမံခန့်ခွဲပါသလဲလို့ Frontier က မေးမြန်းတဲ့အခါမှာတော့ “စိစစ်ခံရတဲ့သူက သူ့ကိုယ်သူ နိုင်ငံခြားသားဆိုတာသိရင် မလျှောက်ပါဘူး။ လျှောက်ရင် မြို့နယ်အဆင့်မှာကတည်းက ပြုတ်ကျခဲ့မှာဖြစ်ပါတယ်။ လျှောက်ကတည်းက အများစုဟာ ခိုင်မာတဲ့အထောက်အထားရှိလို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံထဲမှာ ရောက်ရှိတဲ့ သတ်မှတ်သက်တမ်းကာလနဲ့ အကျုံးဝင်လို့ လျှောက်တာဖြစ်ပါတယ်” လို့ ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြန်ဖြေပါတယ်။

အဲဒီလုပ်ငန်းစဉ်တွေဟာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို အခြေခံထားတာဖြစ်ပါတယ်။ NVC ကတ်နဲ့ နိုင်ငံသားစိစစ်ခံဖို့ မြို့နယ်အဆင့်မှာ စတင်လျှောက်ထား၊ အဲဒီနောက် ခရိုင်၊ တိုင်း/ပြည်နယ်၊ ဗဟို အဆင့်ဆင့် စိစစ်မှု ခံယူရမှာပါ။

ဒါပေမယ့် ပမာဏအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ ဒီလုပ်ငန်းစဉ်ဟာ အောင်မြင်မှု မရသေးဘူးဆိုတာ ကိန်းဂဏန်းတွေကို ကြည့်ရင်တွေ့နိုင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးကတော့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေကို လွှတ်တော်က ပြင်ဆင်/ဖြည့်စွက်/အသစ်ပြဋ္ဌာန်းမှုတွေ မလုပ်မချင်း နိုင်ငံသားစိစစ်ခြင်းဆိုင်ရာ မူဝါဒကို ပြောင်းလဲဖို့မရှိဘူးလို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ Frontier ကို ပြောကြားထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar