တက်ကြွလှုှုပ်ရှားသူများကို အကာအကွယ်ပေးနိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ထပ်မံ လိုအပ်နေ

ဖိနှိပ်ချုပ်ချယ်ရာတွင် အသုံးပြုသည့် ဥပဒေအမြောက်အများကို မကြာမီ ပြန်လည်ကျင်းပမည့် လွှတ်တော်များတွင် ဖျက်သိမ်းနိုင်ရေးအတွက် အစိုးရသစ်အနေဖြင့် ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားရန် လိုအပ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဇွန် ၂၉ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့် ဧပြီလတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်စေခဲ့သလို လွှတ်တော်တွင်းတွင် ဥပဒေအချို့ ပြုပြင်ပြောင်းလဲနိုင်ခဲ့သော်လည်း တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များအား အရေးယူနိုင်သည့် ဥပဒေများ ကျန်ရှိနေဆဲဖြစ်သည်ဟု နယူးယောက်မြို့ အခြေစိုက် ထိုအဖွဲ့က ပြောကြားသည်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသမှုကြောင့် ဖမ်းဆီးခံထားရသူ အမြောက်အများကို လွှတ်ပေးဖို့နဲ့ စွဲချက်တွေ ရုပ်သိမ်းပေးဖို့ လ ျှင်လ ျှင်မြန်မြန် ဆောင်ရွက်ခဲ့ပါတယ်” ဟု အဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဘရဒ်အဒမ်စ်က ပြောသည်။

“ဒါပေမယ့် အရေးကြီးတာက ဖိနှိပ်ဖို့အတွက် အသုံးပြုတဲ့ ဥပဒေကြောင်းဆိုင်ရာ အခြေခံ အဆောက်အအုံကြီးကို ဖြိုချလိုက်ဖို့ လိုပါတယ်။ ဒါမှ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ နောက်ထပ် ဖမ်းဆီးထားဖို့ အခွင့်အရေး မရတော့မှာပါ” ဟု ၎င်းကပြောသည်။

ဆန္ဒပြသူ ရာပေါင်းများစွာအား တရားစွဲဆို ထောင်ချရန် အသုံးပြုခဲ့သည့် ၂၀၁၂ ခုနှစ်က ပထမဆုံး အတည်ပြုခဲ့သော ငြိမ်းချမ်းစု စုဝေးစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား အသုံးပြုမှုကို အဖွဲ့က ဆွဲထုတ်ပြသခဲ့သည်။

အစိုးရသစ်လက်ထက်တွင်လည်း အဆိုပါဥပဒေကို အသုံးပြု ဖမ်းဆီးမှုများ ဆက်လက်ရှိနေသေးသည်။ ဥပဒေအား ပြင်ဆင်ရန် အဆိုပြုထားသော်လည်း အချို့သော ကိစ္စရပ်များတွင် ပြစ်မှုပိုင်းဆိုင်ရာဖြင့် အပြစ်ပေးမှုများ ဆက်လက်ထားရှိခြင်းကိုလည်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်နေကြသည်။

ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေပြီဖြစ်သည့် ပြန်လည်ပြင်ဆင်ထားသော ဥပဒေကြမ်းအရ ဆန္ဒပြလိုသူများသည် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ထံတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သည်။ မတူညီသည့် မြို့နယ်များတွင် ခွင့်ပြုချက်မရှိပဲ ဆန္ဒပြပါက တပေါင်းတည်း အရေးယူခံရမည်ဖြစ်သည်။

ဥပဒေကြမ်းတွင် ပါဝင်သည့်အချက်များသည် လွတ်လပ်စွာပြောဆိုခွင့်အား ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ထားသလို ဆန္ဒပြပွဲခေါင်းဆောင်များအား ဥပဒေကြောင်းအရ အရေးယူနိုင်ဖွယ်ရှိသဖြင့် နိုင်ငံတကာ ဥပဒေစံနှုန်းနှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေသည်ဟု အဖွဲ့၏ ဥပဒေအကြံပေး Linda Lakhdhir က ပြောကြားသည်။

ထို့အပြင် အသရေဖျက်မှုဆိုင်ရာ ဥပဒေများကို ဖျက်သိမ်းရန်လည်း အစီရင်ခံစာက တိုက်တွန်းထားသည်။ အစိုးရ၏ ဆောင်ရွက်မှုများကို ရေးသားသည့် ဂျာနယ်လစ်များကို ယခင်အစိုးရက တရားစွဲဆိုမှုများနှင့် လူမှုကွန်ယက်များပေါ်တွင် အစိုးရနှင့် တပ်မတော်အား ဝေဖန်သူများကို ထောင်ဒဏ်များ ချမှတ်ခဲ့မှုများကို ကိုးကားကာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်း- ရှောင် ဂလေစင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar