ညီလာခံမှ ထွက်ခွာသွားသည့် ဝ အဖွဲ့ကိစ္စ အပြစ်မတင်ရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

စီမံခန့်ခွဲမှု လွဲချော်ခြင်းကြောင့် နားလည်မှုလွဲကာ ၂၁ ပင်လုံညီလာခံမှ ထွက်ခွာသွားသည့် ဝ ပြည်သွေးစည်းညီ ညွတ်ရေးပါတီ (UWSA)ကိစ္စအပေါ် အပြစ်တင်မနေပဲ ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မထိခိုက်အောင် ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်လိုက်သည်။

“ဖြစ်စဉ်အမှန်အတိုင်း ရှင်းပြပေးပါ။ ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ပါနဲ့။ ဒါဖြစ်တတ်တဲ့ ဟာလေးတွေပါ”ဟု မှတ်ချက်ပြုခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ (စက်တင်ဘာ ၁ ရက်) ညီလာခံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ဒုတိယမြောက်နေ့အဖြစ် ကျင်းပနေသည့် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ဝ ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တည်းခိုရန် စီစဉ်ထားသော အားကစားရွာတွင် ဝ အဖွဲ့က လာရောက်မတည်းခိုသလို အဆက်အသွယ်လုပ်ခြင်းလည်းမရှိပဲ သြဂုတ် ၃၁ ရက်နေ့၊ ညီလာခံဖွင့်ပွဲသို့ တက်ရောက်လာရာတွင် အလျှင်အမြန် ဝင်ခွင့်ရရန် လေ့လာသူကတ်ပြားသာ ထုတ်ပေးခဲ့ခြင်းမှ စတင်ကြောင်း ညီလာခံပူးတွဲကျင်းပရေး ကော်မတီ တာဝန်ရှိသူတို့က ပြောသည်။

ထို့အတူ ဖွင့်ပွဲညပိုင်း ညစာစားပွဲမတိုင်မီအထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဟု သုံးနှုန်းထားသည့် တက်ရောက်သူ ကတ်ပြား မရရှိသေးသော ဝ အဖွဲ့သည် လေ့လာသူတို့ကိုပေးသည့် နေရာထိုင်ခင်းသာ ရရှိခဲ့သဖြင့် တရားဝင်ဖိတ်ကြားခြင်း မဟုတ်ဟုခံစားရကာ နားလည်မှုကို ပိုမိုလွဲမှားစေခဲ့ကြောင်း ကျင်းပရေးကော်မတီ တာဝန်ရှိသူတို့က ဝန်ခံခဲ့ကြသည်။

ညစာစားပွဲအတွင်း ကတ်ပြားလဲပေးရန် စီစဉ်သော်လည်း ဝ အဖွဲ့လက်မခံခဲ့ပဲ ယနေ့နံနက်ပိုင်းအရောက်တွင် ညီလာခံပူးတွဲကျင်းပရေးကော်မတီ တာဝန်ရှိသူ မည်သူ့ကိုမှ အကြောင်းမကြားပဲ ပြန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ယနေ့နေ့လည်ပိုင်းတွင် ကော်မတီတာဝန်ရှိသူတို့က ဝ အဖွဲ့ထံံသွားရောက်၍ နားလည်မှုလွဲခဲ့သည့် ဖြစ်စဉ်ကို ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

“နိုင်ငံရေး၊ လူမျိုးရေး၊ အဖွဲ့အစည်းအရ ခွဲခြားဆက်ဆံခြင်း လုံးဝမဟုတ်ပါဘူး” ဟု ညီလာခံပူးတွဲကျင်းပရေး ကော်မတီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင် ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောသည်။

ယခု ဖြစ်ရပ်ကြောင့် အနာဂတ်အတွက် ပြုလုပ်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို မထိခိုက်ရန် နှစ်ဖက်ညှိနှိုင်း လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ညီလာခံ တာဝန်ရှိသူတို့က ဆိုသည်။

သို့သော် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီအနေဖြင့် အနာဂတ်တွင်ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ ယခုထက် ပိုမိုတာဝန်ရှိသော အဆုံးအဖြတ်ပေးနိုင်သော ခေါင်းဆောင်ပိုင်းအား စေလွှတ်ပေးစေလိုကြောင်း ဒေါက်တာ လျန်မှုန်းဆာခေါင်းက သတင်းစကားပါးခဲ့သည်။

အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်ရန် ကျိုင်းတုံမြို့တွင် ဖွင့်လှစ်ထားသော ဆက်ဆံရေးရုံးတာဝန်ခံက ယခုကျင်းပနေသော ညီလာခံသို့ တက်ရောက်လာသည့် ဝ အဖွဲ့ကို ဦးဆောင်လာခြင်းဖြစ်သည်။ အဆိုပါအဖွဲ့ သည် ညီလာခံမှ ထွက်ခွာသွားသော်လည်း ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ သဘောထား စာတမ်းကို မူ ညီလာခံကျင်းပရေးကော်မတီထံသို့ ပေးပို့သွားသည်။

ယနေ့ကျင်းပသည့် ညီလာခံတွင် ဝ အဖွဲ့၏ သဘောထားအမြင် တင်ပြရန်အစီအစဉ်ပါဝင်သော်လည်း ဖတ်ကြားချိန် မရောက်မီ ထွက်ခွာသွားခြင်းဖြစ်၍ တိုင်းရင်းသားများပါဝင်သည့် ပူးတွဲကျင်းပရေးကော်မတီ၏ ကြိုတင် ဆုံးဖြတ်ထားချက်အတိုင်း ညီလာခံအပြီးထုတ်ပြန်မည့် မှတ်တမ်းတွင်သာ ဝ အဖွဲ့၏ စာတမ်းကို ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

ယနေ့တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီစသည့် အစုအဖွဲ့ပေါင်း ၃၂ ခုက ၎င်းတို့၏ အမြင်သဘောထားများကို ညီလာခံသို့ တင်သွင်းခဲ့ကြသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar