ညီလာခံပြီးသည်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဒေသအလိုက် စတင်နိုင်ရန် စီစဉ်

၂၁ ရာစု ပင်လုံညီလာခံပြီးစီးသည်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲနေပြီဖြစ်သည်။

သြဂုတ် ၃၁ ရက်မှစ၍ ခြောက်လတစ်ကြိမ် ကျင်းပရန် နှစ်ဖက် သဘောတူထားသည့် ညီလာခံများ၏ ကြားကာလတွင် ဒေသ၊ လူမျိုးနှင့် အကြောင်းအရာကို အခြေခံသော ဦးတည်ချက် သုံးခုဖြင့် အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ဆွေးနွေးပွဲအတွက် လုပ်ငန်းလမ်းညွှန်များကို အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စသည့် အစုအဖွဲ့သုံးခုမှ ကိုယ်စားလှယ်သုံးဦးစီပါဝင်၍ စုစုပေါင်းကိုးဦးဖြင့် ရေးဆွဲသွားရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) ၂၁ရာစု ပင်လုံညီလာခံ ကျင်းပရေး ပူးတွဲကော်မတီက ဆုံးဖြတ်ထားသည်။

သို့သော် နိုင်ငံရေးဆွေးနွေးပွဲနှင့်အပြိုင် ကျင်းပရန်သတ်မှတ်ထားသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းဖိုရမ်နှင့် ဆွေးနွေးချက်များ ထပ်တူခြင်းမျိုးမဖြစ်ရန် နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင် ထည့်သွင်းဆုံးဖြတ်ရဦးမည် ဖြစ်သည်။

အဆိုပါမူဘောင်မှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား ဆွေးနွေးမှုမပြီး ပြတ်သေးသည်ဖြစ်၍ အနီးစပ်ဆုံးကျင်းပမည့် ညီလာခံတွင် နိုင်ငံရေးအရ ဆွေးနွေးဆုံးဖြတ်မှု တစ်စုံတစ်ရာချမှတ်ဦးမည်မဟုတ်ဟု နှစ်ဖက် တာဝန်ရှိသူအချို့က အတည်ပြုထားသည်။

“ဘယ်အကြောင်းအရာကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ်စသဖြင့် မူဝါဒချပေးမယ်။ တစ်ချို့အကြောင်းအရာတွေကတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ဖိုရမ်မှာ ဆွေးနွေးမယ်။ တစ်ချို့ အကြောင်းအရာတွေကတော့ အပေါ်က မူချပေးပြီးတော့မှ CSO ဖိုရမ်မှာ ဆွေးနွေးမယ်။ တစ်ချို့ဟာတွေကတော့ ဒေသအလိုက် ဆွေးနွေးပွဲတွေမှာ ဆွေးနွေး၊ တစ်ချို့ဟာတွေကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေး၊ အဲဒီမူတွေချမှာပါ။ အခုကတော့ အတည်မဖြစ်သေးဘူး” ဟု ၂၁ ရာစု ပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီ၏ အစိုးရအဖွဲ့ ကိုယ်စားလှယ်လည်းဖြစ်၊ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သည့် ဦးဇော်ဌေးက ပြောသည်။

ထိုအတူ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင် အဆုံးအဖြတ်ပေးရမည့် ညီလာခံကိုယ်စားလှယ် သတ်မှတ်ခြင်းကဲ့သို့သော ဆက်လက်ညှိနှိုင်းရန်များလည်း ကျန်နေသေးသည်။

သို့သော် ၂၁ ရာစု ပင်လုံညီလာခံကို သတ်မှတ်ရက်အတိုင်း နေပြည်တော်ရှိ၊ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ၌ ငါးရက်တိုင် ကျင်းပမည်ဖြစ်ပြီးဖွင့်ပွဲ အခမ်းအနားတွင် မည်သူ့ကိုမှ ချန်လှပ်ခြင်းမရှိဘဲ လူဦးရေ ၁,၅၀၀ နီးပါးအထိ ဖိတ်ကြားရန် ညီလာခံကျင်းပရေးပူးတွဲ ကော်မတီက စီစဉ်နေသည်။

“၃၁ ရက်မှာလုပ်မယ့် ညီလာခံ တက်ရောက်တာကတော့ အနိုင်ရ၊ အနိုင်မရ ပါတီအားလုံးလည်း တက်ခွင့်ရမယ်။ ညီလာခံကိုယ်စားလှယ်အနေနဲ့တော့ မဟုတ်ဘူး။ တက်ရောက်သူပေ့ါ”ဟု ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲ အနိုင်မရပါတီ ၇၀ ကျော်ထဲမှ ၎င်းတို့ ကိုယ်တိုင် ရွေးချယ်ပေးသည့် ကိုယ်စားလှယ် ငါးဦးမှာ ညီလာခံအတွင်း သဘောထားထုတ်ပြန်ခွင့် ရရှိမည်ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်ကမူ အစိုးရသစ်နှင့် လက်တွဲဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အားရကျေနပ်မှုရှိသည်ဟု Frontier ကိုပြောသည်။

၎င်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar