စစ်တွေ၊ မေ ၃၀
ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” တိုက်ခတ်သွားမှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း ဒေသခံများကဆိုသည်။
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြား စတင်ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်နေသည်ဟု သက်ဆိုင်ရာက ယနေ့နံနက်ပိုင်းက သတင်းထုတ်ပြန်ထားပြီး အဆိုပါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများရှိ လူနေအိမ်နှင့် အဆောက်အအုံများပျက်စီးခဲ့ကြောင်း ဒေသခံများကဆိုသည်။
“မေယုမြစ် အနောက်ဘက်အခြမ်းမှာဆိုရင် တော်တော်လေး အပျက်အဆီးရှိတယ်ဆိုပြီး ကျွန်တော်တို့ သတင်းတွေ ရထားပါတယ်”ဟု ရသေ့တောင်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာဘက်အခြမ်းတွင် အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၅၅ မိုင်အထိ တိုက်ခတ်နိုင်သည့် မိုရာအရှိန်ကြောင့် ရသေ့တောင်မြို့နယ်ရှိ ကြိုးတံတားနှစ်စင်းလည်း ပျက်ဆီးသွားပြီး စာသင်ကျောင်းတစ်ချို့လည်း ပျက်ဆီးသွားသောကြောင့် လာမည့် တနင်္လာနေ့တွင် ကျောင်းဖွင့်ရန် အခက်အခဲတစ်ချို့ရှိနိုင်ကြောင်း ဦးဦးသန်းနိုင်ကပြောသည်။
“ပေ ၂၈၀ လောက်ရှိတဲ့ မေယုအားမာန်ဆိုတဲ့ ကြိုးတံတားက ရေထဲလုံးဝကျသွားတယ်။ နောက်ကြိုးတံတား တစ်စင်းက ယိုင်သွားတယ်”ဟု ဦးဦးသန်းနိုင်ကပြောသည်။
မိုရာမုန်တိုင်းသည် ရသေ့တောင်မြို့နယ်အတွင်းသို့ မေ ၂၉ ရက်နေ့၊ ည ၉ နာရီခန့်မှ နောက်တစ်နေ့ နံနက် ၄ နာရီခန့်အထိ ဖြတ်သန်း တိုက်ခတ်သွားခြင်းဖြစ်သည်။
အလားတူ ပြည်နယ်အစိုးရရုံးစိုက်ရာ စစ်တွေမြို့တွင်လည်း မုန်တိုင်းအရှိန်ကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များ လဲကျခြင်း၊ အဆောက်အအုံများ၏ အမိုးပြားများ လွင့်ထွက်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်းဒေသခံများက ပြောသည်။
မုန်တိုင်းကြောင့် ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ တို့တွင်လည်း အထိအခိုက် အပျက်အဆီးများဖြစ်ခဲ့ကြောင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်နယ်အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု အရေးပေါ် အစည်းအဝေးကို စစ်တွေမြို့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်၍ ပြုလုပ်နေပြီး အကူအညီပေးရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု ပြည်နယ်အစိုးရအဖွဲ့က ကြေငြာထားသည်။
အဆိုပါမုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှုသတင်း တစ်စုံတစ်ရာ မရရှိသေးပေ။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်အရ မုန်တိုင်းသည် ဘင်္ဂလားဒေရှ့်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇာမြို့ကြားမှ စတင်ဖြတ်ကျော် ဝင်ရောက်နေပြီဟုဆိုသည်။
မုန်တိုင်းအရှိန်ကြောင့် ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြာင်းတွ မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
သတင်း-ထွန်းခိုင်