ဆန်းသစ်တီထွင် ပြင်သစ်အထိအတွေ့ အစီအစဉ်ကို နှစ်လကြာ ကျင်းပသွားမည်

ရန်ကုန်၊ မေ ၁၀

ဆန်းသစ်တီထွင် ပြင်သစ်အထိအတွေ့ အစီအစဉ် (La French Touch Program) ရန်ကုန်နှင့် မန္တလေးမြို့များတွင် နှစ်လကြာကျင်းပသွားမည်ဟု ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနက ပြောကြားသည်။

“မနှစ်က မင်္ဂလာပါလိုမျိုး လမ်းမပေါ်မှာ လူပေါင်းထောင်ချီ ပါဝင်ဆင်နွှဲတဲ့ ပွဲတွေလည်းရှိမယ်။ ရုံတွင်းမှာဘဲ လူတွေ ဒီဂျစ်တယ် အနုပညာတွေကို ခံစားနိုင်တာတွေလည်း ပါမယ်။ လူငယ်လေးတွေနဲ့ ကလေးတွေအတွက် တွေးခေါ်မျှော်မြင်မှုကို ရင့်သန်စေတဲ့ ပြပွဲတွေလည်းရှိမယ်” ဟု ပြင်သစ်ယဉ်ကျေးမှုဌာန၏ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက်သံအရာရှိ Sebastien Bris က ပြောကြားသည်။

အဆိုပါအစီအစဉ်များကို ယခုလနှင့် ဇွန်လများအတွင်း ကျင်းပသွားမည်ဖြစ်သည်။ ကဏ္ဍမျိုးစုံပါဝင်သည့် ဤ အစီအစဉ်ကြီး၏ ပထမဦးဆုံး အစီအစဉ်အနေဖြင့် ပြင်သစ် ရုပ်ရှင်ကားများကို ဂမုန်းပွင့်ကုန်တိုက်ရှိ မင်္ဂလာရုပ်ရှင်ရုံ၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၆ နာရီတွင် ပြသသွားမည်ဖြစ်သည်။ ပြင်သစ် နိုင်ငံရှိ လူကြည့်အများဆုံးနှင့် နိုင်ငံတကာတွင်အောင်မြင်ခဲ့သည့် INTOUCHABLES ဇာတ်ကားကို မေလ အတွင်း ပြသသွားမည်ဖြစ်ပြီး ဇွန်လအတွင်း၌ CHOCOLAT အမည်ရ ပထမဆုံး ပြင်သစ်လူမည်း ဆပ်ကပ်လူရွှင်တော် ချောကလက်အကြောင်း ဇာတ်ကားကို ပြသသွားမည်ဖြစ်သည်။

မျက်မြင်ပုံရိပ်ယောင် (Virtual Reality) ပွဲတော်ကိုလည်း ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် Digital District တို့ ပူးပေါင်း၍ ပြင်သစ်ယဉ်ကျေးမှုဌာနဝင်းအတွင်း၌ မေ ၁၂ မှ ၁၄ ရက်နေ့အထိ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ထို့အပြင် Swaggers အဖွဲ့ကလည်း “ဟစ်ပ်ဟော့လောက၌ အမျိုးသမီးများအတွက် နေရာတစ်ခုရှိသည်” ဟူသည်ကို ပေါ်လွင်စေချင်သော ရည်ရွယ်ချက်ဖြင့် In The Middle အစီအစဉ်ကို ဂန္တဝင်ဂီတမှ ဟစ်ပ်ဟော့ပ်အထိ နောက်ခံ တေးဂီတများနှင့် ကကွက်ပေါင်းစုံဖြင့် မေ ၂၃ ရက်နေ့၌ အမျိုးသားဇာတ်ရံုံ(ရန်ကုန်)နှင့် မေလ ၂၅ ရက်နေ့တွင် အမျိုးသားဇာတ်ရုံ (မန္တလေး) တို့၌ တင်ဆက်သွားမည်ဖြစ်သည်။

“ပဲရစ်မှာဆို တစ်ရက်တစ်ရက်ကို ပွဲပေါင်း ၄၀၀ လောက်ရှိတယ်။ မြန်မာပြည်မှာ တစ်ပတ်ကို တစ်ပွဲတောင် အ နိုင်နိုင်ဆိုတော့ ပွဲတွေလုပ်ဖိုလိုလာတယ်။ လူတိုင်းပါဝင်ခံစားနိုင်ဖို့အတွက်ပေါ့။ လုပ်ဖို့လည်းအစီအစဉ်တွေရှိတယ်။ ပြင်သစ်ယဉ်ကျေးမှုတွေချည်းပဲ ဆောင်ကျဉ်းလာတာမျိုးမဟုတ်ပဲ မြန်မာမှာရှိတဲ့ အနုပညာသည်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အနုပညာတွေတင်ဆက်ဖို့ကလည်း ဒီပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ ရည်ရွယ်ချက်တစ်ခုပဲဖြစ်တယ်။ နောက်ဆိုရင်လည်း ပြင်သစ်နဲ့ မြန်မာ ယဉ်ကျေးမှုပူးပေါင်းဖလှယ်ပြီး မြန်မာနိုင်ငံက အသစ်အသစ်ဖန်တီးချင်တဲ့ အနုပညာရှင်တွေကို ကူညီဆောင်ရွက်သွားမယ်” ဟု Sebastien Bris က ပြောကြားသည်။

ပွဲတော်တွင် ပါဝင်ဖျော်ဖြေရန်အတွက် ပြင်သစ်ပေါ့ပ်အဆိုတော် Charles-Baptistetm ကိုလည်း ဖိတ်ခေါ်ထားပြီး မြန်မာနိုင်ငံမှ အဆိုတော် အမွန်းနှင့် ပူးတွဲဖျော်ဖြေမှုများပြုလုပ်သွားမည်ဖြစ်သည်။

La French Touch ပွဲတော်၏ ဇွန်လအစီအစဉ်များအနေဖြင့် ပြင်သစ်အဖွဲ့ Non Nova ၏ “Afternoon of a foehn Version 1” ဟူသော အရုပ်ဆရာနှင့် ပလတ်စတစ်အိတ်ဖြင့် ပြုလုပ်ထားသော အရုပ်လေးများ ကပြ လွင့်မျောကြမည့် ကဗျာဆန်ဆန် အကတင်ဆက်မှုများကို ဇွန် ၂ ရက်နေ့တွင် ရန်ကုန် အမျိုးသားဇာတ်ရုံနှင့် ဇွန် ၄ ရက်နေ့တွင် မန္တလေး အမျိုးသားဇာတ်ရုံတို့တွင် အသီးသီး တင်ဆက်ပြသသွားမည်ဖြစ်သည်။

ဇွန် ၂၄ ရက်နေ့၌ “နေရာတိုင်းမှာဂီတပါ” ဟူသည့် လှုံ့ဆော်မှုကို ရန်ကုန်မြို့ Sule Square နှင့် ပြင်သစ်ယဉ်ကျေးမှုဌာနအပါအဝင် မြို့တွင်းနေရာအနှံ့အပြား၌ ဝင်ကြေးအခမဲ့ဖြင့် တင်ဆက်သွားရန်လည်း စီစဉ်ထားသည်။

ဤ နှစ်လတာကြာမြင့်မည့်ပွဲတော်အား ကမ္ဘာတလွှား နှစ်စဉ်ကျင်းပလျက်ရှိသော ပြင်သစ်အနုပညာပွဲတော်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော “La fête de la Musique (ဂီတပွဲတော်)” ဖြင့် အဆုံးသတ်သွားမည်ဖြစ်သည်။

သတင်း-စောကပလူစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar