ဆန်ပြတ်လပ်မည့်အရေး စိုးရိမ်နေရသည့် ကပ်တဲလ်

ရဲမွန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသည့် အမေရိကန်ပြန် ချင်းတိုင်းရင်းသား နေထိုင်ခဲ့သည့် တီးတိန်မြို့နယ်ရှိ ကပ်တဲလ်ကျေးရွာတွင် ဆန်ပြတ်လပ်မည့်အရေး စိုးရိမ်နေရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒိုဇတွောင်က Frontier ကိုပြောသည်။

ကပ်တဲလ်ကျေးရွာကို အဝင်နှင့်အထွက် ပိတ်ပင်ထားသောကြောင့် ရွာအတွင်းရှိ ဆန်ရောင်းသည့် ဆိုင်များအနေဖြင့် ကလေးမြို့တွင် ဆန်ထပ်ဝယ်၍ မရတော့ခြင်းကြောင့် သုံး၊လေးရက်အတွင်း စားသုံးရန် ဆန်ရှိတော့မည်မဟုတ်ကြောင်းလည်း ၎င်းထံမှ သိရသည်။

လူဦးရေ ၃၆၁၁ ဦး နေထိုင်လျက်ရှိသည့် အဆိုပါကျေးရွာတွင် စုစုပေါင်း ဆန် ၄၅ အိတ်သာကျန်ရှိတော့ပြီး အာဏာပိုင်များကထောက်ပံ့ရန်စီစဉ်နေသော်လည်း အထောက်အပံ့များ ယနေ့အချိန်အထိ မရရှိသေးကြောင်း ဦးဒိုဇတွောင်က ဆိုသည်။

မင်္ဂလာပွဲကိစ္စဖြင့် အမေရိကန်မှ ပြန်ရောက်လာသည့် ချင်းတိုင်းရင်းသားသည် မိခင်နှင့်အတူ ကပ်တဲလ်ရွာတွင် ၂ ရက်နေထိုင်ခဲ့ပြီး ၁၉ ရက်တွင် ကျေးရွာ၌ ပြုလုပ်သည့် လူဦးရေ ၁၅၀ ပါဝင်သော ဆုတောင်းပွဲတွင်လည်း ပါဝင်ခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှုးကိုယ်တိုင်ပင်လည်း မတ်၂၀ရက် တွင် အဆိုပါလူနာဖြင့် ထိတွေ့ခဲ့သည်။

မတ်၂၄ ရက်မှစတင်ကာ အဝင်အထွက်ကန့်သတ်လိုက်သည့် ကပ်တဲလ်ကျေးရွာတွင် လူနာနှင့်ထိတွေ့ခဲ့သည့် ရွာသားများသည် မတ်၂၅ ရက်မှသာ ၎င်းတို့၏ နေအိမ်တွင်သာ နေထိုင်နေကြခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးအနေဖြင့်လည်း အဆိုပါရွာသားများကို အပြင်မထွက်ကြရန် ညွှန်ကြား၍ မရဖြစ်နေသည်ဟု သိရသည်။

“မနေ့ကအိမ်ထဲမှာနေကြပါဆိုတာကို ပြောမရဘူး။ ကျွန်တော်တော့သူတို့ကို ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါ ဆိုတာ ပြောလို့ရမယ်မထင်ဘူး။ စကားမှနားမထောင်ကြတာ။”ဟု ဦးဒိုဇတွောင်က ပြောသည်။

လက်ရှိတွင် ကိုဗစ်လူနာ၏ ဇနီးလောင်းနေထိုင်သည့် တွီးထန်ကျေးရွာကိုလည်း ယနေ့မှစတင်ကာ အဝင်အထွက်ပိတ်ပင်ထားပြီး ဇနီးလောင်းနှင့်ထိတွေ့ခဲ့သူများကို စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းလည်း သိရသည်။

“ဓာတ်ပုံရိုက်ပြီးသူကရွာကိုပြန်လာတယ်။ သူ့သူငယ်ချင်းရယ်၊ သူ့မိဘဆွေမျိုးတွေရယ်ကို လောလောဆယ်စောင့်ကြည့်နေကြပါတယ်။ အဲ့ဒီအမျိုးသမီးကတော့ လောလောဆယ် တီးတိန်ရောက်နေပါတယ်”ဟု တွီးထန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇမ်းရှင်းလျန်းက ပြောသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက တီးတိန်အခြေအနေနှင့်ပတ်သက်၍ သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယမန်နေ့က အောက်ပါအတိုင်းသတင်းထုတ်ပြန်သည်။

“မတ်လ ၁၇ ရက်နေ့ ကလေး-တီးတိန် Shalom ယာဉ်လိုင်းမှာ Patient Zero နဲ့အတူ လိုက်ပါလာသူ စုစုပေါင်း ၁၃ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။

တီးတိန်မြို့မှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။

ကပ်တဲလ်ကျေးရွာမှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။

သူ့မိခင်ဖြစ်သူကို သီးခြားနေအိမ်အလွတ်မှာ Home Quarantine လုပ်ထားပါတယ်။

အားလုံးက နားလည်မှု အပြည့်နဲ့ ပူးပေါင်းပါဝင်ကြပါတယ်။”
ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မတ်လ ၂၄ ရက်ညနေခင်းမိန့်ခွန်းတွင် တီးတိန်ပြည်သူအချို့ အစိုးရိမ်လွန်နေပြီး မြို့မှထွက်ခွာနေမှုကို ထည့်သွင်းသတိပေးခဲ့ပြီးကျန်းမာရေးဌာနသို့သာသွားပြီးအစစ်ခံသင့်ကြောင်းပြောသည်။
“ဒီလိုလုပ်တာဘယ်သူ့ကိုမှအကျိုးမပြုနိုင်ပါဘူး။တကယ်ပဲရောဂါပိုးရှိနေရင် ဘယ်သွားသွား ကိုယ်နဲ့အတူပါသွားမှာ”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုအချိန်ထိ ကိုဗစ်ကူးစက်လူနာ ၃ ဦးအထိရှိလာပြီဖြစ်ပြီး စောင့်ကြည့်လူနာ ၂၃၆ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar