ဆန္ဒပြသူများကြောင့် ကြေးသွန်းဘုရားကြီး ပိတ်ထားရ

ရန်ကုန်၊ သြဂုတ် ၃

လက်ရှိ အစိုးရ နုတ်ထွက်ပေးရေး တောင်းဆိုနေကြသည့်သူများက အဝင်အထွက် ဂိတ်ပေါက်များကို ပိတ်ဆို့ ဆန္ဒပြနေခြင်းကြောင့် ရွှေတိဂုံအရှေ့ဘက်မုဒ်အနီးရှိ ကြေးသွန်းဘုရားကြီးထံ ဝင်ရောက်ဖူးမျှော်ခွင့်ကို ပိတ်ပင်ထားလိုက်ရပြီဖြစ်သည်။

သင်္ဃန်းဝတ်ဆင်ထားသူများနှင့် ရွှေဝါရောင်အဝတ်စများကို လက်မောင်းတွင် ပတ်ထားကြသူ ၇၀ ခန့်က “အစိုးရအား ဆန့်ကျင်သပိတ်မှောက်ပွဲ” ခေါင်းစဉ်ဖြင့် သြဂုတ် ၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့်ကတည်းက စတင်ကာ ရွှေတိဂုံအရှေ့ဘက်မုဒ်အနီးရှိ ကြေးသွန်းဘုရားဝင်ပေါက်များတွင် ပိတ်ဆို့ဆန္ဒပြနေကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲကြောင့် ကြေးသွန်းဘုရား၏ ဝင်ပေါက်နှစ်ခုစလုံးကို ဘုရားလုံခြုံရေးများက ပိတ်ပင်ထားလိုက်ရပြီး ဘုရား လာရောက် ဖူးမျှော်သူအချို့မှာ လမ်းပေါ်မှသာ ဝတ်ပြုပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြရသည်။

လူတစ်ဒါဇင်ကျော်သေဆုံးခဲ့သည့် ရာသီတုပ်ကွေး(H1N1) ကိုထိပ်လန့်သဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်ထား ကြသည့် ဆန္ဒပြသူများက ၎င်းတို့ သပိတ်စခန်းကို ရက်အကန့်အသတ်မရှိ ဖွင့်လှစ်ထားမည်ဟု ကြေညာထားကြသည်။

ဆန္ဒပြသူများက လွတ်လပ်ရေးရပြီးစကာလတွင်အသုံးပြုသည့် မြန်မာနိုင်ငံအလံနှင့် နီးနီးစပ်စပ်တူညီသည့် အနီရောင်အောက်ခံရှိ အပြာရောင်အကွက်အတွင်း ကြယ်ဖြူတစ်လုံးတည်းရှိသည့် အလံကို ၎င်းတို့၏ တောင်းဆိုချက် စာရွက်ပေါ်တွင် ပုံနှိပ်ပြီးဖြန့်ဝေခဲ့သည်။

ဆန္ဒပြသူများက NLD အစိုးရကို “အာဏာရှင်အစိုးရ”ဟု သုံးနှုန်းခဲ့ပြီး နှုတ်ထွက်ပေးရမည်ဟုလည်း ၎င်းတို့ဝေငှသည့် စာရွက်များပေါ်တွင် ရေးသားထားသည်။

NLD အစိုးရသည် “ဗုဒ္ဒဘာသာကို ဖျက်ဆီးသည်” ဟုစွပ်စွဲထားသလို မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ဘင်္ဂါလီများကို အခွင့်အရေး ပိုမိုပေးခဲ့သည်ဟုလည်း စွပ်စွဲထားသည်။

အစိုးရသည် တိုင်းရင်းသားပညာရှင်များအား ပစ်ပယ်ပြီးပြည်ပပညာရှင်များကို အထင်ကြီးနေကြောင်း၊ အခွန်တိုးကောက်ပြီး နိုင်ငံတကာချေးငွေအကြွေးများ တက်လာသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို မလုပ်နိုင်ကြောင်းလည်း စွပ်စွဲထားကြသည်။

အလားတူသပိတ်စခန်းတစ်ခုကို မန္တလေးမြို့၊ သာသနာ ၂၅၀၀ ဝင်းအတွင်း၌ ရန်ကုန်နှင့် တစ်ချိန်တည်းတွင် စတင်ဖွင့်လှစ်ထားကြသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar