ရန်ကုန်၊ ဇူလိုင် ၂၅
အရေးကြုံတိုင်း ဆန္ဒပြလှုပ်ရှားသည့် ဓလေ့မျိုးကို ပြန်လည်သုံးသပ်ပြီး ရထားသည့်အခြေအနေကို အကောင်းဆုံး ဖန်တီးကြရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားများအား ယနေ့ တိုက်တွန်းလိုက်သည်။
“တစ်ခုခုဖြစ်ရင် ဆန္ဒပြမယ်ဆိုတဲ့ လှုပ်ရှားမှုမျိုးတွေနဲ့ ပတ်သတ်ပြီးတော့ အနည်းငယ်ပြောချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သပိတ်မှောက်ကျောင်းသားအနေနဲ့ ရန်ကုန်တက္ကသိုလ်ထဲက ထွက်ခဲ့တာဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ဦးဖြိုးမင်းသိန်းသည် ယနေ့ ညနေပိုင်းက ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဖာခန်းမတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ပေးဆပ်ခဲ့မှုတွေအတွက် ဒီမျိုးဆက်တွေကို ထပ်ပြီးဒီလိုပဲ အကျဉ်းထောင်ထဲ သွားရဦးမယ်လို့ ကျွန်တော်တို့ လမ်းပြနေစရာ မလိုတော့ဘူး”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
လက်ရှိရထားသော အခြေအနေသည် နှစ် ၆၀ ကာလအတွင်း အရေးကြီးသည့် အလှည့်အပြောင်းကာလဟု ၎င်းက ရည်ညွှန်းပြောဆိုလိုက်ပြီး ရရှိထားသည့် အခြေအနေကို ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ခုအဖြစ် ဖန်တီးရန်လည်း တိုက်တွန်းခဲ့သည်။
“တစ်ပါတီ အာဏာရှင်စနစ်အောက်မှာလည်း မဟုတ်တော့ဘူး။ စစ်အာဏာရှင်စနစ်အောက်မှာလည်း မဟုတ်တော့ဘူး” ဟု ၎င်းကဆိုသည်။
တစ်ချိန်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှုးဖြစ်ခဲ့ဖူးသည့် ဦးဖြိုးမင်းသိန်းသည် ဆွေးနွေးပွဲအတွင်း သောင်မတင်ရေမကျ ဖြစ်နေသည့် တက္ကသိုလ်များအတွင်း ဖွဲ့စည်းထားသော သမဂ္ဂများ၏ တရားဝင်ရပ်တည်မှုကို အစိုးရက အကာအကွယ်ပေးရေး ကိစ္စများနှင့် ပတ်သတ်ပြီး ကျောင်းသားများ၏ မေးခွန်းထုတ်ခြင်းကိုလည်း ခံခဲ့ရသည်။
ကျောင်းသားသမဂများနှင့် ဆွေးနွေးရန် ၎င်းအနေဖြင့် အချိန်မရွေး တံခါးဖွင့်ထားပြီး သမဂ္ဂ ဖွဲ့စည်းခြင်းကြောင့် ဖမ်းဆီးခြင်းမျိုး လုပ်မည်မဟုတ်ကြောင်း ဦးဖြိုးမင်းသိန်းက အာမခံခဲ့သည်။
“အခုလို ထပြောလို့ရတာပဲ။ အကာအကွယ် ရနေတာပဲ။ တစ်ချိန်တုန်းက ဒီလိုထပြောလို့ မရဘူး။ ထပြောရင် ထောက်လှမ်းရေးက ကျွန်တော်တို့ကို အချုပ်ထဲကို ပို့မှာ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ကျောင်းသားတစ်ဦး၏ အမေးကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောဆိုခဲ့သည်။
သတင်း-ထွန်းခိုင်