ဆက်သွယ်ရေးကဏ္ဍတွင် နှစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ ရှိ

နေပြည်တော်၊ ဇန်နဝါရီ ၁၂

ပြီးခဲ့သည့်နှစ်နှစ်က စတင်ကာ ဆက်သွယ်ရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ စတင်ဆောင်ရွက်လာပြီးနောက် အဆိုပါကဏ္ဍတွင် ဂျပန်၊ နော်ဝေနှင့် ကာတာအပါအဝင် နိုင်ငံများက အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု  Myanmar Mobile Symposium မှ သိရသည်။

ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍသည် မြန်မာနိုင်ငံတွင်း တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အများဆုံးကဏ္ဍများထဲမှ တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

လာမည့် ၁၅ နှစ်ကျော်ကာလအတွင်း ဆက်သွယ်ရေးကဏ္ဍက အလုပ်အကိုင် အခွင့်အလမ်းနေရာပေါင်း ၂၅၀,၀၀၀ ခန့် ဖန်တီးနိုင်မည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံ၏ ဂျီဒီပီကိုလည်း ငါးရာခိုင်နှုန်းကျော် ထောက်ကူနိုင်မည်ဟု မျှော်မှန်းထားသည်ဟု အဆိုပါဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံတကာမှ မိုဘိုင်းအော်ပရေတာများ ကိုယ်စားပြု အဖွဲ့အစည်းဖြစ်သည့် GSMA ၏ ဦးဆောင်မှုဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) ၊ အူရီဒူးမြန်မာနှင့် တယ်လီနောမြန်မာတို့ ပူးပေါင်းကာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်တွင် ဇန်နဝါရီ ၁၂ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆက်သွယ်ရေးကဏ္ဍနှင့် ဆက်စပ်ကဏ္ဍများမှ လုပ်ငန်းအဖွဲ့အစည်းများ၊ ကိုယ်စားလှယ် စုစုပေါင်း ၂၀၀ ခန့် ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဖွံဖြိုးတိုးတက်မှုများ ဆက်လက် ဖြစ်ပေါ်လာစေရန်နှင့် မြန်မာနိုင်ငံ ပြည်သူ ပြည်သားများအတွက် အကျိုးရလဒ်ကောင်းများ ရရှိနိုင်စေရန် အတွက် မြန်မာအစိုးရအနေနှင့် ရင်းနှီးမြုပ်နှံမှုများကို ပိုမို ဆွဲဆောင်နိုင်မည့် မူဝါဒများကို အတည်ပြု ကျင့်သုံးမှုရှိရန်နှင့် လွယ်ကူရိုးရှင်းသည့် နည်းဥပဒေများ ချမှတ်ထားရှိရန် ယခု ဆွေးနွေးပွဲက တိုက်တွန်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစိုးရအနေနဲ့ မိုဘိုင်းနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချပြီး အားပေးကူညီမှုတွေ ပြုလုပ်တဲ့အခါ အကျိုးရလဒ်ကောင်းတွေ ရရှိလာနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုတွေက သက်သေပြနေပါတယ်” ဟု GSMA ၏ အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ Alasdair Grant က ပြောကြားသည်။

“ပိုပြီးအရေးကြီးတာကတော့ ဒီလို အံ့အားသင့်လောက်စရာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် အခုလို အကူးအပြောင်းကာလမှာ စည်းမျဉ်းချမှတ်ထိန်းသိမ်းသူတွေ၊ အော်ပရေတာတွေနဲ့ ဝန်ဆောင်မှု ပေးအပ်သူတွေ အတူလက်တွဲလုပ်ကိုင်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.