စိတ်ကြွဆေးပြား နှစ်သန်းခန့်နှင့်အတူ ဖမ်းမိသည့် စစ်သားနှစ်ဦးကို စစ်ဆေးနေ

“ရာဘ” လို့ခေါ်တဲ့ စိတ်ကြွဆေးပြား နှစ်သန်းနဲ့အတူ ရခိုင်ပြည်နယ်မှာ ဖမ်းမိခဲ့တဲ့ မြန်မာစစ်သားနှစ်ဦးကို စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်နေ့မှာ ပြောပါတယ်။

သူတို့နှစ်ဦး စီးနင်းလာတဲ့ စစ်ကားပေါ်ကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းလောက်တန်ဖိုးရှိတဲ့ ဆေးပြား ၁ ဒသမ ၈ သန်းကို အောက်တိုဘာ ၁ ရက်နေ့က မောင်တောမြို့မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ မူးယစ်နှိမ်နင်းရေး အဆင့်မြင့်အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

လူရာပေါင်းများစွာသေဆုံးခဲ့ရပြီး လူငါးသိန်းလောက် ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ထွက်ပြေးခဲ့ရတဲ့ တိုက်ခိုက်မှုတွေမှာ မောင်တောက အလယ်ဗဟိုချက်ဖြစ်ပါတယ်။

ရိုဟင်ဂျာစစ်သွေးကြွတွေကို တိုက်ထုတ်ဖို့အတွက် သြဂုတ် ၂၅ ရက်နေ့ကနေစတင်ပြီး အဲဒီဒေသထဲကို မြန်မာစစ်တပ်က ဝင်ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရောက်ရှိလာခြင်းက ဒေသတွင်းမှာဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးရောင်းဝယ်မှုတွေကို တားဆီးနိုင်ဖွယ် ရှိပုံမပေါ်ပါဘူး။

ထိုင်းဘာသာစကားနဲ့ ရာဘလို့ခေါ်ပြီး ရူးသွပ်ဆေးလို့ အဓိပ္ဗါယ်ရတဲ့ ဆေးပြားတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံက လူငယ်တွေကြားမှာ ရေပန်းစားလှပါတယ်။

မြန်မာနိုင်ငံအနောက်ဘက်ပိုင်းက နယ်စပ်ဒေသမှာ စိတ်ကြွဆေးတွေ အလျှံအပယ်ဖြစ်နေပြီး အများစုက ဘင်္ဂလားဒေရှ့်ကို ရောက်ရှိသွားပါတယ်။

စစ်သွေးကြွတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံစီးပွားရေးသမားတွေဟာ မူးယစ်ဆေးဝါးရောက်ဝယ်မှုတွေကနေ ကြွယ်ဝချမ်းသာလာကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ယခုဖမ်းမိခဲ့တဲ့ဆေးပြားတွေမှာ WY နဲ့ R အမှတ်တံဆိပ်တွေ ရိုက်နှိပ်ထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ဒီအမှတ်တံဆိပ်တွေကတော့ ဝ ဒေသက မူးယစ်ရာဇာတွေက ထုတ်လုပ်တဲ့ ထင်ရှားတဲ့ အမှတ်တံဆိပ်တွေလို့ သိထားကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကလည်း ရိုဟင်ဂျာအမျိုးသားသုံးဦးကို မြန်မာနိုင်ငံက သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ရှစ်သိန်းနဲ့အတူ နှစ်နိုင်ငံနယ်စပ်က နတ်မြစ်ထဲမှာ ဘင်္ဂလားဒေရှ့်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar