ဖေဖော်ဝါရီ ၁၄
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်သည့် နတ်မြစ်အတွင်းမှ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား တစ်သိန်းနီးပါးကို ဖမ်းမိခဲ့ပြီးနောက် ကွင်းဆက်တရားခံများကို လိုက်လံရှာဖွေနေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးအရာရှိများက ပြောသည်။
နတ်မြစ်အတွင်း ယခုလ ၁၂ ရက်နေ့ ညပိုင်းက မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် လှေတစ်စင်းကို တွေ့ရှိသဖြင့် ရှာဖွေရာမှ စိတ်ကြွဆေးပြား ၉၇,၅၀၀ ပြားကို လှေပေါ်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိများက ပြောသည်။
လုံံခြုံရေးတပ်ဖွဲ့ဝင်များက လှေကို ရပ်တန့်ခိုင်းစဉ်တွင် လှေပေါ်တွင် ပါလာသူများက ထွက်ပြေးသွားခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးများ၏ ကာလတန်ဖိုးမှာ ကျပ် သိန်း ၁,၉၀၀ ဖိုးဖြစ်သည်ဟု တွက်ချက်ထားသည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး လက်သည်တရားခံကို မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်ပြီး ရှာဖွေနေကြောင်း ရခိုင်ပြည်နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးသက်နိုင်က ပြောကြားသည်။
နယ်မြေ မတည်မငြိမ်မှုများ၊ လုံခြုံရေးတပ်ဖွဲ့များအား လုပ်ကြံသတ်ဖြတ်မှုများနှင့် အရပ်သားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သည်ဆိုသည့် သတင်းများ မကြာခဏ ပေါ်ထွက်နေသည့် မြန်မာနိုင်ငံအနောက်ဘက်ခြမ်း မောင်တောမြို့တွင် စိတ်ကြွဆေးပြားများ မှောင်ခိုရောင်းဝယ်မှု တွင်တွင်ကျယ်ကျယ် ဖြစ်ပေါ်လျှက်ရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး ယခုတစ်ကြိမ်ဖမ်းဆီးမှုအထိ အနည်းဆုံး စိတ်ကြွဆေးပြား ၁၀ သန်းနီးပါး ဖမ်းဆီးရရှိခဲ့ပြီးဖြစ်သည်။
အဆိုပါဖမ်းဆီးမှုများထဲတွင် ပြီးခဲ့သည့်နှစ်က ကျောက်ခွဲစက်လုပ်ငန်း ခြံအတွင်းမှ စိတ်ကြွဆေးပြား ခြောက်သန်းကျော် စံချိန်တင်ရှာဖွေတွေ့ရှိမှုနှင့် မကြာသေးမီက မောင်တောမြို့နယ်၊ ရွှေဗဟို ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ဆေးပြား လေးသန်းကျော် ဖမ်းဆီးရရှိမှုလည်း အပါအဝင်ဖြစ်သည်။
သတင်း-ထွန်းခိုင်