စည်းကမ်းမဲ့ ရပ်နားသည့် ကားများကို ကရိန်းဆွဲ အရေးယူသည့်စနစ်သာ ဆက်လက်ကျင့်သုံးမည်

ရန်ကုန်မြို့ရှိ ယာဉ်မရပ်ရန် သတ်မှတ်ထားသည့် နေရာများတွင် စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များအား ကရိန်းဖြင့်ဆွဲယူကာ ဒဏ်ငွေဆောင်စေခြင်းထက် ပိုကောင်းသည့် ဖြေရှင်းချက်မရှိသေးဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်မဖြစ်သော ကရိန်းဆွဲ စနစ်အစား သော့ခတ်ပြေစာကပ်စနစ်ကို ပြောင်းလဲကျင့်သုံးရန် အစီအစဉ်ရှိမရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ပြောင်းလဲနိုင်မည်နှင့် မရှိပါက အဘယ်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း” ကို သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခေါ်) ဦးနေဘုန်းလတ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အောက်တိုဘာ ၁၉ ရက်နေ့က မေးမြန်းမှုကို မြို့တော်ဝန်က ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ဦးနေဘုန်းလတ်က အပြစ်ပေးခံရသော ကားပိုင်ရှင်များက ဒဏ်ငွေကိုသာပေးရပြီး ၎င်းတို့၏ ကားများ ပျက်စီးသွားခဲ့လျှင် ရန်ကုန်မြို့တော်စည်ပင်၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအပါအဝင်၊ ကရိန်းကုမ္ပဏီတို့က ကားပျက်စီးမှုများအတွက် တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိဟု ပြောကြားသည်။

ကားပိုင်ရှင်များက ကားပျက်စီးမှုများကို ပြန်လည်ပြောကြားသောအခါ သက်ဆိုင်သူများက တာဝန်မရှိသကဲ့သို့ လျစ်လျူရှုကြထားကြသည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်ဖြစ်စေချင်တာက ကုမ္ပဏီတွေကို တရားပြန်စွဲစေချင်တယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ကရိန်းဆွဲခံသည့် မော်တော်ယာဉ်များအတွက် ယာဉ်ပိုင်ရှင်က ကျပ် ခုနစ်သောင်းခွဲ ပေးဆောင်ရရာတွင် ကရိန်းကုမ္ပဏီကို ကျပ် ငါးသောင်းပေးရပြီး နိုင်ငံတော်ကမူ ကျပ်နှစ်သောင်းခွဲသာ ရရှိသည်ဟု ၎င်းက ပြောသည်။

သို့သော် မြို့တော်ဝန်က လက်ရှိအခြေအနေတွင် သော့ခတ်ပြေစာကပ်သည့်စနစ်က အလုပ်မဖြစ်နိုင်သေးဟု ဖြေကြားခဲ့သည်။

“လတ်တလောမှာတော့ ကရိန်းနဲ့ဆွဲတာက ပိုကောင်းပြီး အရင်တုန်းက ကားကို သော့ခတ်ကာ ပြေစာနဲ့ လုပ်ခဲ့ဖူးပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး” ဟု ၎င်းက ပြောကြားသည်။

”ကျွန်တော်ကိုယ်တိုင်လည်း ကားအဆွဲခံရဖူးပါတယ်။ အဲဒီအစီအစဉ်ကိုလည်းဖျက်ဖို့ ကြိုးစားချင်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။

ဦးနေဘုန်းလတ်က အစိုးရသည် ယခင်နည်းလမ်းအတိုင်း ဆက်လုပ်မည်ဆိုလျှင်မူ ကားပျက်စီးမှုကဲ့သို့ ပြည်သူများ၏ နစ်နာမှုနှင့် ပတ်သက်ပြီး တာဝန်မဲ့မှုမျိုးကို မဖြစ်စေရန် ကြီးကြပ်သင့်ကြောင်းနှင့် အစိုးရဌာန၊ သို့မဟုတ် ကရိန်းကုမ္ပဏီက တာဝန်ယူရန် လိုအပ်သည်ဟု ပြောကြားသည်။

“ပြည်သူများ စည်းကမ်းတွေကို ပျက်ကွက်လျှင်တော့ ဒါက အပြစ်ပေးသင့်ပါတယ်။ သို့သော် ဖျက်ဆီးပိုင်ခွင့်တော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ ယာဉ်မနားရသတ်မှတ်ထားသည့် လမ်းများတွင် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များကို ကရိန်းကားဖြင့် သတ်မှတ်နေရာသို့ ဆွဲယူသွားကာ ဒဏ်ငွေဆောင်စေသည့် စနစ်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ကျင့်သုံးခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဧပြီလအထိ မော်တော်ယာဉ် စီးရေ ၇,၀၀၀ ကျော်ကို ကရိန်းဖြင့် ဆွဲယူအရေးယူခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း ကရိန်းဆွဲအရေးယူခဲ့သည့် မော်တော်ယာဉ်အရေအတွက်ကိုမူ မသိရှိရသေးပေ။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar