စစ်အုပ်ချုပ်ရေးခေတ် ပြန်သွားစေချင်တာလား

စည်သူအောင်မြင့် ရေးသားသည်။

ထူးထူးခြားခြားကိစ္စတွေ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ ထူးခြားတဲ့ကိစ္စ တစ်ခု ထပ်ပေါ်လာပြန်ပါပြီ။ အဲဒါကတော့ အရင်အာဏာရပါတီ ဖြစ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားပါတီ တစ်ဒါဇင်လောက် ပေါင်းပြီး အစိုးရအနေနဲ့ “ကာလုံ” လို့ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး တစ်ရပ်ခေါ်ယူဖို့ တောင်းဆိုလိုက်တဲ့ သတင်းပါ။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိတည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာရ အမျိုးသားပါတီ အပါအဝင် ပြည်သူလူထု အများစုက ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။ ဒါကြောင့်လည်း အင်န်အယ်လ်ဒီဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူတို့အာဏာရလာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဖို့ ကြိုးစားမယ်ဆိုပြီး ကတိပေးပြောဆိုခဲ့ပါတယ်။

အကြောင်းရင်းကတော့ ဖွဲ့စည်းပုံထဲမှာ တပ်မတော်ဟာ တသီးတခြား တည်ရှိနေတဲ့အပြင် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတာ၊ တိုင်းပြည်ရဲ့ အမြင့်ဆုံး အဖွဲ့အစည်းလို့ဆိုတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်း တပ်မတော် စစ်ခေါင်းဆောင်တွေကပဲ အများစု နေရာယူထားတာ စတဲ့ စတဲ့ အချက်တွေ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

အခုတော့ ထူးထူးခြားခြား၊ ဖွဲ့စည်းပုံ ပြင်ပေးဖို့ တောင်းဆိုတာ မဟုတ်ဘဲ ဖွဲ့စည်းပုံထဲက ပြည်သူလူထု မကြိုက်တဲ့ အချက်တစ်ချက်ကို ကိုင်စွဲပြီး “ကာလုံ” အစည်းအဝေး ဘာကြောင့်ခေါ်ခိုင်းရတာလဲ၊ သူတို့ ဘာကို အကြောင်းပြကြသလဲ၊ သူတို့ပြောတဲ့ အခက်အခဲတွေကို အင်န်အယ်လ်ဒီအစိုးရ ကျော်လွှားနိုင်မှာလား၊ တပ်မတော်ဟာ နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်ဖို့ နောက်တစ်ကြိမ် ပြန်ကြိုးစားနိုင်သေးလားဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြည်ခိုင်ဖြိုးနဲ့ အဲဒီပါတီတွေ “ကာလုံ” အစည်းဝေး ခေါ်ပေးဖို့ တောင်းဆိုရတဲ့ အကြောင်းရင်းကတော့ လက်ရှိ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က မူဆလင် အကြမ်းဖက်သမားတွေကို နှိမ်နင်းနေရတယ်၊ တိုင်းပြည်ရဲ့ ကုန်သွယ်ရေးကို ထိခိုက်စေနိုင်လောက်တဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက တိုက်ခိုက်လို့ တိုက်ပွဲတွေ ဖြစ်နေရတယ်၊ ဒါကြောင့် တိုင်းပြည်ဟာ အရေးကြီးတဲ့ အခြေအနေကို ရောက်နေရတယ်၊ ဒါကြောင့် “ကာလုံ” အစည်းအဝေးခေါ်ပါလို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

မှန်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောဘက်က ဖြစ်စဉ်မှာဆိုရင် ရဲတပ်ဖွဲ့ ကင်းစခန်းတွေကို နယ်မြေခံ မူဆလင်တွေက အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာကနေ စပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးတာ၊ ဒဏ်ရာရတာ၊ လက်နက်တွေ ဆုံးရှုံးတာ ရှိခဲ့ပေမဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေဟာ နိုင်ငံခြားက ခိုးသွင်းလာတဲ့ နိုင်ငံခြား အထောက်အပံ့လို့ ပြောဆိုစရာ ခေတ်မီလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဓားတွေ၊ လှံတွေ၊ တုတ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

တပ်မတော်က အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့အခါ စစ်ကြောင်းမှူး အဆင့်ရှိတဲ့ အရာရှိ တစ်ယောက် ကျဆုံးခဲ့ရတာကလည်း လူစုလူဝေးနဲ့ အင်အားသုံး ဝိုင်းရံတာ၊ တပ်မတော်ဘက်ကလည်း အဲဒီလူအုပ်ကို ညှာတာပြီး လူအမြောက်အမြား သေကြေအောင် မပစ်ခတ်တာစတဲ့ ပြဿနာတွေကြောင့် ဖြစ်ပါတယ်။

နောက် အရေးကြီးတဲ့ အချက်တစ်ချက်က ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း နယ်စပ် တစ်ဘက်ကမ်း မြန်မာနိုင်ငံဘက်က အရေးကို ဝင်ရောက် စွက်ဖက်မှုမလုပ်ဘဲ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။ အကြမ်းဖက်သမားတွေ သူ့နိုင်ငံထဲ ပေးမဝင်ရုံမက အရင်ခေတ်တုန်းကလို ဒုက္ခသည် ဆိုပြီး ပြေးဝင်လာတာကိုလည်း လက်မခံ ပြန်စေလွှတ်နေတာမျိုး လုပ်ပါတယ်။

နောက် သူ့မြေထဲကနေ မြန်မာနိုင်ငံဘက်ကို အကြမ်းဖက်တိုက်ခိုက်တာမျိုး လုံးဝ ခွင့်ပြုမှာမဟုတ်ဘူးလို့ ကတိပြုထားသလို အဲဒီအတိုင်း အိမ်နီးချင်းကောင်း ပီသစွာ ရပ်တည်ပြနေတာမျိုးပါ။ ဒီအတွက် အချိန်တစ်ခုယူပြီးရင် တပ်မတော်ဟာ အဲဒီနယ်မြေဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို အာမခံချက် ပေးနိုင်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ကေအိုင်အေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကလည်း သူတို့နယ်မြေမှာ တပ်မတော်က ထိုးစစ်ဆင်နေလို့ ဒါကို တန်ပြန်တဲ့အနေနဲ့ အားလုံးက သိသွားကြအောင် တိုက်ခိုက်ရတာဖြစ်တယ်၊ ကန့်သတ်စစ်ပဲ ဖြစ်တယ်စသဖြင့် ပြောဆိုထားပါတယ်။

တကယ့်လက်တွေ့မှာလည်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု ရှိခဲ့တဲ့တိုင် တပ်မတော်စခန်းတွေ သိမ်းပိုက်ခံရတာ၊ မြို့တွေ၊ ကျေးရွာတွေ အသိမ်းခံရတာမျိုးတော့ မရှိပါဘူး။ ကုန်သွယ်ရေးနဲ့ ပြည်သူလူထု ကူးသန်းသွားလာရေးစတဲ့ လမ်းပန်းဆက်သွယ်ရေးကို အနှောင့်အယှက်ဖြစ်အောင်တော့ လုပ်နိုင်ပါတယ်။

ဒီအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ တပ်မတော်မှာ တာဝန်ရှိသလို တပ်မတော်ဘက်ကလည်း အဲဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေတာ တွေ့ကြရပါတယ်။ ပြောရရင် တိုင်းပြည်ဟာ အန္တရာယ်ထဲ ကျရောက်နေတာ မဟုတ်သလို၊ အန္တရာယ်ကျရောက်ဖို့ လက်တစ်ကမ်းလောက် အလိုမှာ ရောက်နေတာမျိုးလည်း မဟုတ်ပါဘူး။

အခြားတစ်ဘက်ကို ကြည့်လိုက်ရင်လည်း အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်တို့ လိုအပ်တဲ့အချိန်တိုင်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေကြတာပါ။ အစိုးရအဖွဲ့ အစည်းအဝေးတချို့မှာလည်း ကာလုံအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှှိုင်းတိုင်ပင် ဆောင်ရွက်နေကြတာပါ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၃(က) မှာ ခုလို ဖော်ပြထားပါတယ်။ ‘နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်း ခံရလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို အရေးယူ ဆောင်ရွက်ပိုင်ခွင့်ရှိသည်’ ဆိုပြီး ဖြစ်ပါတယ်။

ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရကိုပဲ ကာလုံအစည်းအဝေး ခေါ်ခြင်း မခေါ်ခြင်းသည် နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့် ဖြစ်သလို လက်ရှိအခြေအနေ နိုင်ငံတော်ကို ကျူးကျော်တိုက်ခိုက်ခံနေရတဲ့ အနေအထားမျိုးမှာ မဟုတ်တာ၊ ကာလုံအဖွဲ့ဝင်တွေဖြစ်ကြတဲ့ အစိုးရခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ နီးနီးကပ်ကပ် တိုင်ပင်ဆွေးနွေး တိုင်းပြည်အရေး ဆောင်ရွက်နေကြတာကြောင့် ကာလုံအစည်းအဝေး ခေါ်ဖို့ဆိုတဲ့ အကြောင်းကိစ္စ မပေါ်ပေါက်ပါဘူး။

ပြောရရင် ပြည်ခိုင်ဖြိုးပါတီဟာ အရင်စစ်အာဏာရှင်တွေက မွေးဖွားပေးလိုက်တဲ့ ပါတီကြီး တစ်ခုဖြစ်ပါတယ်။ အရင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖန်တီးပေးလိုက်လို့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ တပ်မတော်ကျောထောက်နောက်ခံပြု၊ စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ အစိုးရအဖွဲ့ပေါ်ပေါက်လာ၊ အာဏာရပါတီ ဖြစ်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းနဲ့ အာဏာမရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပါတီတချို့ရဲ့ ကာလုံ အစည်းအဝေးခေါ်ဖို့ တိုက်တွန်းရတာဟာ အာဏာရ အင်န်အယ်လ်ဒီပါတီကို ဝေဖန်ပြစ်တင်ရှုတ်ချရင်း တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေး ပြန်ပေါ်ပေါက်စေချင်တာလား၊ သမိုင်းကို အနောက်ပြန်လှည့်စေချင်တာလား ဆိုတာ သူတို့ကိုပဲ မေးခွန်းပြန်ထုတ်ရမလို ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.