စစ်ရေးလှုပ်ရှားမှုများရပ်စဲခြင်းက နှစ်သစ်ကူးလက်ဆောင်ဟု တပ်ချုပ်ပြောကြား

စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ရပ်စဲရန်ကြေညာချက်မှာ နှစ်သစ်ကူးလက်ဆောင်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး မထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်စေရေးအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန် တိုင်းရင်းသားနယ်မြေများတွင် ပြုလုပ်နေသည့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ကာ လေးလကြာ ရပ်ဆိုင်းပေးမည်ဟု တပ်မတော်က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်နားမည့်ကာလမှာ ၂ဝ၁၉ ခုနှစ်၊ ဧပြီ ၃ဝ ရက်နေ့အထိ ဖြစ်သည်။

စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ထားမည့် နယ်မြေများမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုုပ်နယ်မြေများဖြစ်ကြသည်။

ထိုသို့ ရပ်စဲထားရခြင်းမှာ ဒေသခံတိုင်းရင်းသားများ၏ ဘေးဒုက္ခကို စာနာသောကြောင့်ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။ နေပြည်တော်ရှိ ၎င်း၏နေအိမ်သို့ လာရောက်ကာ ခရစ္စမတ်ဓမ္မတေးသီချင်းများ သီဆိုပြီး ငြိမ်းချမ်းရေး ဆုတောင်းစကားများပြောကြားခဲ့ကြသည့် Catholic Yangon Youth လူမျိုးပေါင်းစုံမှ လူငယ်များအဖွဲ့အား ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

“ထာဝရငြိမ်းချမ်းရေးကိုရှေးရှုလျက် ဒေသခံတိုင်းရင်းသားများ၏ ဘေးဒုက္ခကိုစာနာပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကြေညာချက်အား နှစ်သစ်ကူးလက်ဆောင်အဖြစ် ထုတ်ပြန်ခဲ့ကြောင်း” ၎င်းက ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံအတွင်းတွင်နေထိုင်ကြသည့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံပူးပေါင်းပြီး ငြိမ်းချမ်းသာယာဝပြောအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်ဟုဆိုသည်။

တပ်မတော်က စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်မည်ဟု ကြေညာခဲ့မှုအပေါ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ကြိုဆိုခဲ့ကြသည်။

သို့သော် လက်ရှိအချိန်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်ဒေသများ ပါဝင်မှုမရှိသည့်အပေါ်တွင်လည်း ဝေဖန်မှုများ ရှိနေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar