တပ်မတော်သားများအနေဖြင့် စစ်မြေပြင်တွင် ကျင့်ဝတ်စည်းကမ်းများနှင့်အညီ လုပ်ဆောင်ခြင်း မရှိပါက အရေးယူခြင်းခံရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးပြောကြားလိုက်သည်။
“ပြည်ပရန်ကို ကာကွယ်ရာတွင်လည်းကောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရာတွင် လည်းကောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့် မြေစာပင်အဖြစ် ကြားညှပ်ခံစားနေရသည်ကို တွေ့ကြုံရကြောင်း၊ စစ်မြေပြင်တွင် ရန်သူ၊ မိတ်ဆွေ မခွဲခြားနိုင်သေးသည့်အချိန်နှင့် ရန်သူဟုသတ်မှတ်၍ မရသည့်အချိန်တို့တွင် ပြဋ္ဌာန်းသတ်မှတ် ထားသည့် ကျင့်၊တ်စည်းကမ်းများနှင့်အညီသာ လုပ်ဆောင်ရမည်ဖြစ်သည်”ဟု ၎င်းက ပြောကြားသည်။
ထိုကဲ့သို့ မညီညွတ်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးခဲ့သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာတပ်နယ်တွင် ပြုလုပ်သော တပ်မတော် (ကြည်း) (လေ)၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းကို စက်တင်ဘာ ၂၄ ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုပြီးနောက် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား အမှာစကားပြောကြားရာ၌ ၎င်းက ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
စစ်မြေပြင်တွင် လူသားချင်း စာနာထောက်ထားမှုနှင့် ပတ်သက်၍ စစ်သည်တော်ကျင့်ဝတ်၊ ဂျီနီဗာကွန်ဗင်းရှင်းပါ ကျင့်ဝတ်များနှင့်အညီ တပ်ဖွဲ့ဝင်အားလုံးက တိကျစွာ လိုက်နာလုပ်ဆောင်ရမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲများဖြစ်ပွားနေသည့် တပ်မတော်က တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ဟု ပြောဆိုမှုများ ခံထားရပြီး တပ်မတော်၏ ပုံရိပ်ပြန်လည်ကောင်းမွန်လာစေရန် ပြန်လည်ကြိုးစား လုပ်ဆောင်လျက် ရှိသည်။
ပြီးခဲ့သည့်ဇွန်လအတွင်းက ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် မိုင်းယောက်ကျေးရွာတွင် ရွာသားငါးဦးအား သတ်မှုနှင့် စပ်လျဉ်းပြီး တပ်မမှူးအပါအဝင် အရာရှိနှင့် တပ်မတော်သား ခုနစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ်စီကို စက်တင်ဘာ ၁၅ ရက်နေ့က ချမှတ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်နွယ်မှုရှိနေသည်ဟုဆိုကာ အဆိုပါ ရွာသားများကို ဖမ်းဆီးသွားပြီးနောက် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အလောင်းများကို ရွာသူရွာသားများက ပြန်လည်တွေ့ရှိပြီးနောက် တိုင်ကြားခဲ့သဖြင့် တပ်မတော်က စုံစမ်းစစ်ဆေးကာ အရေးယူခဲ့ခြင်း ဖြစ်သည်။