စစ်ဘက်ရာထူးအခေါ်အဝေါ် သုံးစွဲမှုနှင့် ပတ်သက်ပြီး တပ်မတော်က သတင်းဌာနများကို သတိပေး

နေပြည်တော်၊ ဇူလိုင် ၂၆

စစ်ဘက်ရာထူးအဆင့် အခေါ်အဝေါ်များ သုံးစွဲရာတွင် သတင်းဌာနများအနေဖြင့် မှန်ကန်စွာ သုံးစွဲရန် လိုအပ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ဇူလိုင် ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သတင်းစာများနှင့် သတင်းဌာနအချို့က သတင်းဖော်ပြရာတွင် လဝါယန်ပြည်သူ့စစ်အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးနော်ဆန်းဟုလည်းကောင်း၊ ဗိုလ်မှူးအဆင့်ရှိ လဂိုင်နော်ဆန်းဟုလည်းကောင်း ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး သတိပေးလိုက်ခြင်းဖြစ်သည်။ ဗိုလ်မှူးဟူသည့် စစ်ဘက်ရာထူးအဆင့်အား တပ်မတော် စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ သတ်မှတ်ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်ဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့များတွင် ရာထူးအဆင့်များ သီးခြားသတ်မှတ် ခေါ်ဝေါ်သုံးစွဲခြင်းမရှိဘဲ ကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်ဟူ၍သာ ခေါ်ဝေါ်သုံးစွဲသည်ဟုလည်း ဖော်ပြထားသည်။

စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များ သုံးစွဲမှုနှင့်ပတ်သက်၍ ကန့်သတ်ထားသည့် ဥပဒေအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် (၂၆/၈၉) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၄၂)ဖြင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေ၏ အခန်း(၁)ပုဒ်မ ၂(က၊ခ)တို့တွင် “စစ်ဘက်ရာထူး၊ အဆင့်၊ အခေါ်အဝေါ်ဆိုသည်မှာ တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် သတ်မှတ်သုံးစွဲသည့် ရာထူး၊ အဆင့်အခေါ်အဝေါ်ကို ဆိုလိုသည်” ဟု ဖော်ပြထားကြောင်း ရေးသားထားသည်။

ထို့ကြောင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များအား အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ် သုံးစွဲခြင်း၊ ရေးသားဖော်ပြခြင်းများ မပြုလုပ်ရန် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်စွာသုံးစွဲရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar