စစ်တွေမြို့ ပဋိပက္ခ တစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရရှိ

စစ်တွေ၊ ဇူလိုင် ၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ဝါစက်လမ်းတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဖြစ်ပွားသည့် ပဋိပက္ခကြောင့် အသက် ၅၅ နှစ်အရွယ် မောင်နု (ခ) မောင်နီရာမောက်မှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကျန် ခြောက်ဦးမှာ ဒဏ်ရာများ ရရှိခဲ့၍ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့အဖွဲ့က ရွာကြီး မြောက်ရပ်ကွက်၊ မီးခြစ်စက်လမ်း ရောင်နီဦးဆိပ်ကမ်းသို့ မော်တော်ဟောင်း တစ်စီးဝယ်ယူရန် ဆိပ်ကမ်းတစ်ဝိုက် ကြည့်ရှုနေစဉ် ဒေသခံအချို့က ခဲများဖြင့် ဝိုင်းဝန်းပေါက်ခဲ့ရာ ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ဒဏ်ရာရရှိသူ ၆ ဦးအနက် ၂ ဦးအား အတွင်းလူနာအဖြစ် ဆက်လက် ဆေးကုသလျက်ရှိပြီး ကျန် ၄ ဦးအား ဒါးပိုင် ကယ်ဆယ်ရေးစခန်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။

Myanmar Now သတင်းဌာန၏ အဆိုအရ ဒါးပိုင် ဒုက္ခသည်စခန်းတွင် နေထိုင်သူများက စစ်တွေမြို့ရှိ စက်လှေကို သွားရောက်ယူဆောင်စဉ် ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒုက္ခသည် စခန်းတာဝန်ခံ ဦးခင်မောင်ရွှေ၏ ပြောကြားချက်ကို ကိုးကားရေးသားထားသည်။

“သူတို့တွေက လက်သမားတွေ။ စက်လှေကို ဖျက်ပြီး သစ်တွေယူမယ် ဆိုပြီး သွားရာကနေ ဖြစ်တာ” ဟု ဦးခင်မောင်ရွှေက Myanmar Now ကို ပြောကြားသည်။

ဒဏ်ရာရသွားသူများထဲတွင် ဒုက္ခသည် စခန်းတာဝန်ခံ တစ်ဦးဖြစ်သူ ဦးလှမြင့်နှင့် သားဖြစ်သူ အဒူရာမာန်တို့လည်း ပါဝင်သည်ဟုဆိုသည်။

လက်ရှိအချိန်တွင် တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး အခြားနေရာများသို့ ပဋိပက္ခ ပြန့်ပွားကူးစက်ခြင်း မရှိစေရန် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များ ဖြန့်ခွဲချထားလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရခိုင်ပြည်နယ်သို့ ရောက်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ရောက်ရှိနေသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောခရိုင် မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများနှင့် တွေ့ဆုံပြီး ဒေသတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို လေ့လာခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar