စစ်တပ်လိုလားသည့်အဖွဲ့၏ ဆွေးနွေးပွဲ၌ မူဆလင်ဆန့်ကျင်ရေး အမေရိကန်လှုပ်ရှားသူတစ်ဦး ပါဝင်

မြတ်ကျော်သူ

တပ်မတော်နှင့် ဆက်နွယ်နေသည့် အုပ်စုတစ်ခုက ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ရာ မူဆလင်ဆန့်ကျင်ရေး အတွေးအမြင်များကြောင့် မြန်မာအမျိုးသားရေး လှုပ်ရှားသူများအကြား၌ ထင်ရှားသည့် အမေရိကန် တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ပါဝင်ခဲ့သည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က စီစဉ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့က ရန်ကုန်တွင် ကျင်းပခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူသုံးဦးထဲ၌ မစ္စတာရစ်ခ်ဟေးဇ်မဲန်လည်း ပါဝင်ခဲ့သည်။ အခြားနှစ်ဦးမှာ ရခိုင်အမျိုးသားရေးလှုပ်ရှားသူ ဒေါက်တာအေးချမ်းနှင့် သုတေသနပြုလုပ်သူ ဦးမောင်မောင်ငြိမ်းတို့ ဖြစ်ကြသည်။

ရခိုင်အကြပ်အတည်းနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ပြည်တွင်းမီဒီယာများက ဘက်လိုက်ကာ ရခိုင်များထက် ရိုဟင်ဂျာမူဆလင်များကို မျက်နှာသာပေးနေကြသည်ဟု “The Hidden Reality of Rakhine Situation behind the Media Mask” ဟု အမည်ပေးထားပြီး တစ်နာရီကြာမြင့်ခဲ့သည့် ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးသူများက အလှည့်ကျ စွပ်စွဲခဲ့ကြသည်။

“(ရခိုင်တွေနဲ့ ပတ်သက်ပြီး) ဘယ်နိုင်ငံခြားမီဒီယာနဲ့ ပြည်တွင်းမီဒီယာတွေတောင်မှ အမှန်အတိုင်း မရေးကြဘူး” ဟု ဒေါက်တာအေးချမ်းက ပြောကြားသည်။ ၎င်းမှာ သုတေသနပညာရှင်တစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုပွဲသို့ တက်ရောက်ရန် သံတမန်များနှင့် နိုင်ငံတကာမီဒီယာ အများအပြားအား ဖိတ်ကြားခဲ့သော်လည်း အနည်းငယ်သာ တက်ရောက်ခဲ့ကြသည်။ ထိုအချက်က ၎င်း၏ ပြောကြားမှုများ မှန်ကန်သည်ဟူသည့် သက်သေပင်ဖြစ်သည်ဟု ဒေါက်တာအေးချမ်းက ထောက်ပြခဲ့သည်။

တက်ရောက်လာသည့် ပရိသတ်များထဲတွင် နိုင်ငံခြားသံရုံးများမှဟု ယူဆရသည့် နိုင်ငံခြားသားနှစ်ဦးကိုသာ Frontier က တွေ့ရှိခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုတွင် နေထိုင်သည့် လူမျိုးစုတေးဂီတပညာရှင် ဟေးဇ်မဲန်သည် Facebook နှင့် Twitter ပေါ်တွင် ရိုဟင်ဂျာနှင့် မူဆလင်ဆန့်ကျင့်ရေးများကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ၌ ပုံမှန်ပါဝင်နေပြီး နိုင်ငံတကာ မီဒီယာများတွင် ရိုဟင်ဂျာတို့ ခံစားနေရသည့် ဒုက္ခအခက်အခဲများကို ဖော်ပြနေမှုအား အလိုမကျဖြစ်နေသည့် မြန်မာအမျိုးသားရေးဝါဒီများအကြားတွင် ထောက်ခံမှုများ ရရှိနေသူဖြစ်သည်။ ၎င်း၏ မူဆလင်ဆန့်ကျင်ရေးလုပ်ဆောင်မှုများကို မြန်မာအစိုးရက အတည်ပြု ထောက်ခံမှုများလည်း ရှိခဲ့သည်။

ဗုဒ္ဓဘာသာကို ဖျက်စီးရန်အတွက် မူဆလင်များ၏ အကြံအစဉ်တွင် ရခိုင်ပြည်နယ်က ပစ်မှတ်ဖြစ်နေသည်ဟု ပုံဖော်ထားသည့် ဟေးဇ်မဲန်၏ ရုပ်ရှင်တစ်ခုအား လွှင့်တင်ထားသည့် ဝက်ဘ်ဆိုက်လင့်များကို ကုလသမဂ္ဂအေဂျင်စီများနှင့် ပြည်ပအကူအညီပေးရေးအုပ်စု အနည်းဆုံးတစ်ခုထံ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့ခဲ့ကြောင်း Frontier က ပြီးခဲ့သည့် စက်တင်ဘာလတွင် ရေးသားခဲ့ြပီးဖြစ်သည်။

အပိုင်းလေးပိုင်းပါ မှတ်တမ်းရုပ်ရှင် Arakan: Ancient Buddhist Kingdom Endangered by Jihad တွင် အဓိက အကြောင်းအရာများကို ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)၏ တပ်ဖွဲ့ဝင်များဟု သံသယရှိသည့် ရိုဟင်ဂျာ မူဆလင်များအား စစ်ဆေးမေးမြန်းမှုများမှ ရယူထားသည်။

ထိုရုပ်ရှင်ရိုက်ကူးရေးအတွက် ငွေကြေး မည်သို့ရရှိသည်ကို ဆွေးနွေးပွဲ၌ မေးမြန်းခဲ့ရာ ဟေးဇ်မဲန်က “ကျွန်တော့ အိတ်ကပ်ထဲကပဲ လုံးလုံးစိုက်ထုတ်ထားတာပါ။ ဒီမိုကရေစီအတွက် ကျွန်တော်အားလုံး လုပ်ခဲ့တယ်။ ရုပ်ရှင်အတွက်ဆိုရင် ကျွန်တော်ကိုယ်တိုင်ပဲ ရိုက်ကူးတယ်၊ ကျွန်တော်ကိုယ်တိုင်ပဲ တည်းဖြတ်တယ်။ စက်ပစ္စည်းတွေရော၊ အကုန်လုံးက ကျွန်တော့ပိုက်ဆံတွေပဲ” ဟု ပြောကြားခဲ့သည်။

“ကျွန်တော် ရန်ပုံငွေတွေ ရချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်မရခဲ့ပါဘူး” ဟု ၎င်းကပြောသည်။

ဟေးဇ်မဲန်သည် သေနင်္ဂက စီစဉ်သော အခမ်းအနားများတွင် ပထမဆုံး ပါဝင်ပြောကြားခဲ့သည့် အမေရိကန်နိုင်ငံသား ဖြစ်သည်။ သေနင်္ဂက ထိုကဲ့သို့ ဆွေးနွေးပွဲမျိုးများကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပလေ့ရှိသည်။

သေနင်္ဂ၏ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ဆွေဦးက ဟေးဇ်မဲန်၏ လုပ်ဆောင်မှုများအပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး သတိပြုမှုသည်ဟု Frontier ကို ပြောကြားသည်။ သို့သော် “(နိုင်ငံခြားသား တစ်ယောက်အနေနဲ့) ဒီဘက်က ရပ်တည်တာ တော်တော်ရှားပါတယ်” ဟု ၎င်းကပြောသည်။

“သူ (ဟေးဇ်မဲန်)ရဲ့ တချို့အချက်အလက်တွေက မှန်ကန်ပါတယ်” ဟု ဦးနိုင်ဆွေဦးက ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများတွင် ဒုသမ္မတဟောင်းနှင့် လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဉာဏ်ထွန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းနှင့် ပြည်ခိုင်ဖြိုးပါတီ၏ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းတို့အပြင် ရခိုင်အမျိုးသားရေးလှုပ်ရှားသူများနှင့် တပ်မတော်အား ထောက်ခံသူအများအပြား တက်ရောက်ခဲ့ကြသည်။

သေနင်္ဂကို ၂၀၁၇ ခုနှစ်တွင် ဦးနိုင်ဆွေဦးက စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်မီ နှစ်နှစ်ခန့်က စတင်ထုတ်ခဲ့သည့် ကာကွယ်ရေးမဂ္ဂဇင်းတစ်စောင်မှတစ်ဆင့် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

တပ်မတော်မှ ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံတွင် ပညာသင်ယူခဲ့သည့် ဦးနိုင်ဆွေဦးသည် တပ်မတော်မှ ၂၀၁၄ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။ Frontier နှင့် အစောပိုင်းက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ၎င်းက သေနင်္ဂအနေဖြင့် “တပ်မတော်နှင့် ပြည်သူအကြား ပေါင်းကူးပေးလိုသည်” ဟု ပြောကြားခဲ့သည်။

သေနင်္ဂကို ထူထောင်ခဲ့သူများက ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးများကိုသာ အဖွဲ့အတွက် အသုံးပြုနေပြီး တပ်မတော်အပါအဝင် မည်သည့်အဖွဲ့အစည်းထံကမှ ငွေကြေးထောက်ပံ့မှု လက်ခံခြင်းမရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar