စစ်တပ်က လယ်သမားတစ်ဦးကို ပစ်သတ်၊ ရှားရှားပါးပါး လျော်ကြေးပေး

ကလဲရ် ဟမ်မွန်

အသက် ၃၄ နှစ်အရွယ် စိုင်းအိုက်ထွန်းဟာ သူ့ရဲ့ တောင်ယာစိုက်ခင်းဆီကို အောက်တိုဘာ ၁ ရက်နေ့၊ ညအမှောင်သန်းချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့တောင်ယာဟာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ တည်ရှိတာပါ။ တောင်ယာနား ရောက်တဲ့ အချိန်မှာပဲ ကင်းလှည့်လာတဲ့ စစ်သား ၁၅ ယောက်လောက်ကို သူတွေ့လိုက်ရပါတယ်။

စစ်သားတွေနဲ့ တွေ့ရမှာ ကြောက်တဲ့အတွက် သူက ဆိုင်ကယ်ကို နောက်ပြန်လှည့် မောင်းထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စစ်သားတွေက သူ့ကို ရပ်တန့်ဖို့ လှမ်းအော်ပြီး သေနတ်နဲ့ လှမ်းပစ်ခဲ့ပါတယ်။ ကျည်ဆံတစ်တောင့်ဟာ အိုက်ထွန်းရဲ့ ကျောပြင်ကို ထိမှန်ခဲ့ပြီး လမ်းပေါ်မှာတင် သူသေဆုံးသွားခဲ့ပါတယ်။

ည ၇ နာရီမှာတော့ သီပေါအခြေစိုက် အမှတ် ၅၀၄ ခြေမြန်တပ်ရင်း (ခမရ ၅၀၄) က တပ်မှူးဖြစ်သူက အနီးအနားရှိ ဟောင်ဟိုက့်နဲ့ နောင်အန်းကျေးရွာတွေက ခေါင်းဆောင်တွေထံကို ဖုန်းခေါ်ပြီး ရွာသား တစ်ယောက်ကို မှားယွင်း ပစ်ခတ်ခဲ့မိတဲ့အတွက် လာကြည့်ပေးဖို့ လှမ်းခေါ်ခဲ့ပါတယ်။ အိုက်ထွန်းကို သေဆုံးအောင် ပစ်ခတ်မှုမှာ တာဝန်ရှိတဲ့ စစ်သားတွေက သူ့တပ်ဖွဲ့က ဖြစ်ပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (Shan Human Rights Foundation) က အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဒီလိုအသေးစိတ် အကြောင်းအရာတွေကို မှတ်တမ်းတင် ဖော်ပြထားပါတယ်။ တပ်မတော်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသလို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံကိုလည်း Frontier က ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိပါဘူး။

ည ၇ နာရီခွဲလောက်မှာတော့ အခင်းဖြစ်ပွားရာနေရာကို ဟောင်ဟိုက့်ကျေးရွာဥက္ကဋ္ဌ စိုင်းကျော်လှ ရောက်ရှိလာပြီး သေဆုံးသူက ဘယ်သူလဲဆိုတာကို ကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် အလောင်းကို ရင်ခွဲ စစ်ဆေးဖို့အတွက် ကျောက်မဲဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ အဲဒီနေ့ ည ၁၁ နာရီလောက်မှာပဲ အိုက်ထွန်းရဲ့ မိခင်နဲ့ စိုင်းလှကျော်တို့က ကျောက်မဲ ရဲစခန်းကို သွားရောက်ပြီး အမှုဖွင့်ခဲ့ကြပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ အမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ခမရ ၅၀၁ နဲ့ ခမရ ၅၀၄ တို့က အရာရှိတွေနဲ့ စစ်သား ၁၅ ယောက်လောက်ဟာ နောင်အန်းကျေးရွာဥက္ကဋ္ဌအိမ်ကို ကားသုံးစီးနဲ့ ရောက်ရှိလာကြပါတယ်။ အဲဒီနောက် အိုက်ထွန်းရဲ့ မိခင်နဲ့ ဇနီးဖြစ်သူတို့ကိုပါ လာရောက်ဖို့ လှမ်းခေါ်ခဲ့ကြပါတယ်။

သေဆုံးမှုကို အမှုဖွင့်လှစ်ရင် နှစ်ဖက်လုံးအတွက် အချိန်ကုန်မယ့်အပြင် သူ့သားကို အသက်ပြန်ရှင်လာအောင်လည်း လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ အိုက်ထွန်းရဲ့ မိခင်ကို အရာရှိတွေက ပြောကြားခဲ့တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မိသားစုအနေနဲ့ တရားစွဲဆိုတာထက် လျော်ကြေးကိုပဲ လက်ခံလိုက်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ သူ ယုံကြည်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က စိုင်းဟော်ရှဲန်က Frontier ကို ပြောပါတယ်။

ဒါပေမယ့် အရပ်သားတစ်ယောက်ကို သတ်မိခဲ့ကြောင်းကို တပ်မတော်က ဝန်ခံခဲ့တာကတော့ ရှားရှားပါးပါး ဖြစ်တယ်လို့ သူကပြောပါတယ်။

“ဒီတစ်ကြိမ်မှာတော့ နိုင်ငံတကာ ဖိအားတွေကြောင့်လို့ ကျွန်တော်ထင်တယ်။ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်မထားဘူးဆိုတာကို သူတို့က ပြသချင်တာဖြစ်မယ်” လို့ သူကပြောပါတယ်။

အမှုမဖွင့်တော့ကြောင်း ကျေးရွာဥက္ကဋ္ဌနှင့် အိုက်ထွန်းရဲ့ မိခင်တို့က သဘောတူညီပြီးနောက်မှာတော့ ခမရ ၅၀၁ နဲ့ ခမရ ၅၀၄ တို့က အိုက်ထွန်းရဲ့ မိခင်ထံ ကျပ် ၃၅,၀၀၀ တန်ဖိုးရှိ ဆန်တစ်အိတ်၊ ဆီသုံးပုလင်း၊ သကြား တစ်ကီလို၊ ကော်ဖီတစ်ထုပ်နဲ့ ငွေသား ကျပ် ၁၀ သိန်းကို ပေးအပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒါတွေက လျော်ကြေးမဟုတ်ကြောင်းနဲ့ ကျန်ရစ်သူ မိသားစုကို “ကူညီလိုတဲ့” ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ စစ်တပ်အရာတွေက ပြောကြားကြပါတယ်။

အိုက်ထွန်းရဲ့ မိခင်နဲ့ ကျေးရွာဥက္ကဋ္ဌတို့က သူတို့ရဲ့ သဘောတူညီချက်ကို အောက်တိုဘာ ၂ ရက်နေ့မှာ လက်မှတ် ထိုးပေးခဲ့ပေမယ့် နောက်တစ်နေ့မှာ နောက်အရာရှိတစ်ဦးနဲ့ စစ်သားငါးဦး ထပ်မံရောက်ရှိလာပြီး အမှုဖွင့်ခြင်းမရှိပဲ ပြီးဆုံးကြောင်းနှင့် ကျေအေး ကျေနပ်ကြောင်းကို နောက်ဆုံးအဖြစ် လာရောက် အတည်ပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအောင်ကလည်း ဖြစ်စဉ်အသေးစိတ်နဲ့ လျော်ကြေးပေးခဲ့တဲ့အကြောင်း Frontier ကို အတည်ပြု ပြောကြားပါတယ်။

လူ့အခွင့်အရေးရှု့ထောင်က ကြည့်မယ်ဆိုရင် အရပ်သားတစ်ဦးကို စိတ်ကူးပေါက်သလို သတ်ဖြတ်ပြီးနောက် ဒီလို ကျေအေးခဲ့တာ မသင့်တော်ဘူးလို့ သူက ပြောပါတယ်။ “မိသားစုအနေနဲ့ ဘယ်လိုမှန်မှန်ကန်ကန် ဆက်လုပ်ရမလဲဆိုတဲ့ အသိမရှိတဲ့အတွက် တပ်က အကြံပြုချက်ကို လက်ခံခဲ့ကြတယ်” လို့ သူက ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ နေထိုင်သူတွေအတွက် ဘယ်လောက်ထိရှလွယ်ပြီး တရားမျှတမှု ကင်းမဲ့နေတယ်ဆိုတာကို ဒီအမှုက မီးမောင်းထိုးပြနေပါတယ်။ ဒီလို အမှုကိစ္စတွေက ဖြစ်နေကျဖြစ်တယ်လို့ စိုင်းဟော်ရှဲန်က ပြောပါတယ်။

အကယ်လို့ ရွာသားတစ်ယော်ကို ရပ်တန့်ဖို့ စစ်သားတွေက အမိန့်ပေးတဲ့အချိန်မှာ ရွာသားက ငြင်းဆန်ခဲ့ရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိသူဖြစ်တယ်လို့ စစ်သားတွေက သံသယ ဝင်သွားကြပါတယ်။ ဒါပေမယ့် ရွာသားတွေကလည်း သူတို့ ဖမ်းဆီးခံရပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားသွားလာမှုတွေအကြောင်း မေးမြန်း နှိပ်စက်ခံရမှာကို စိုးရိမ်ကြောက်ရွံ့ကြပါတယ်။

စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်ကို မထည့်သွင်းမချင်း ဒီလိုအဖြစ်အပျက်တွေ ထပ်ဖြစ်မှာကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ စိုင်းဟော်ရှဲန်ကပြောပါတယ်။ အဲဒီလိုမဖြစ်မချင်း ယခုလို အမှုတွေ ထပ်ဖြစ်နေလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

– ဆုမြတ်မွန် ဖြည့်စွက်ရေးသားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar