စစ်ကိုင်းတိုင်းအတွင်းသို့ အိန္ဒိယတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ စစ်သွေးကြွ ရှစ်ဦးကို သုတ်သင်

အိန္ဒိယတပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ကာ စစ်သွေးကြွ ရှစ်ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု သတင်းများက ရေးသားထားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ဆောင်ရွက်ခဲ့သည့် အဆိုပါစစ်ဆင်ရေးသည် ယခုနှစ်အတွင်း ဒုတိယမြောက် ဆောင်ရွက်ခြင်း ဖြစ်သည်။

မေ ၂၇ ရက်နေ့က စစ်ဆင်ရေးတွင် စစ်သွေးကြွရှစ်ဦးသေဆုံးခဲ့ကာ ၁၈ ဦးကို ဖမ်းဆီးမိခဲ့ပြီး မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု မေ ၃၀ ရက်နေ့က Economic Times သတင်းစာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် မေ ၂၂ ရက်နေ့တွင် သောင်းကျန်းသူများက အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းကို မဏိပူရတွင် ခြုံခို တိုက်ခိုက်ခဲ့သည့်အတွက် တပ်သားရှစ်ယောက် သေဆုံးခဲ့မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ယခု စစ်ဆင်ရေးကို ဆင်နွှဲခြင်းဖြစ်သည်ဟု သတင်းစာက ရေးသားထားသည်။

ဝေးလံခေါင်ဖျားသည့် ဒေသတွင် ဆောင်ရွက်ခဲ့သည့် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူအရေအတွက်ကို အတည်မပြုနိုင်သေးဟု အိန္ဒိယတပ်မတော်မှ သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်းစာက ရေးသားထားသည်။

ထိုစခန်းများမှာ မြန်မာနိုင်ငံနယ်စပ်အတွင်း ၁၆ ကီလိုမီတာအကျော်တွင် တည်ရှိသည်ဟု အဆိုပါ တာဝန်ရှိသူကို ကိုးကားပြီး သတင်းစာက ရေးသားထားသည်။

သောင်းကျန်းသူများမှာ Core Committee သို့မဟုတ် CorCom ဟု ခေါ်ဆိုသည့် စစ်သွေးကြွအဖွဲ့ဝင်များ ဖြစ်ကြကာ မဏိပူရတောင်ကြားဒေသတွင် လှုပ်ရှားနေကြသူများဖြစ်သည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့၏ အစီရင်ခံစာကို ကိုးကား ရေးသားထားသည်။

မေ ၂၂ ရက်နေ့က တိုက်ခိုက်မှုတွင် တာဝန်ရှိကြောင်း CorCom က ကြေညာထားသလို တိုက်ခိုက်မှုဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့၏ ဓာတ်ပုံများကိုလည်း ထုတ်ပြန်ထားသည်ဟု သတင်းစာက ရေးသားထားသည်။

ပြီးခဲ့သည့် ဇွန်လက အလားတူ အော်ပရေးရှင်းတစ်ခုတွင်လည်း အိန္ဒိယကွန်မန်ဒိုများက နယ်စပ်ကို ဖြတ်ကျော်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိန္ဒိယသောင်းကျန်းသူများ၏ စခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည်။ မဏိပူရရှိ စစ်စခန်းတစ်ခုအား တိုက်ခိုက်ခံရပြီးနောက် စစ်သား ၁၇ ဦးသေဆုံးခဲ့ရမှုကို တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သောင်းကျန်းသူ ၆၀ ဦးကျော် သေဆုံးခဲ့သည်ဟု Economic Times က ရေးသားထားသည်။

သတင်း- FRONTIER

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar