စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်ပိုင် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ရေမဆေးကျောက် ရှာဖွေသူများနှင့် လုံခြုံရေးအဖွဲ့များ အချင်းများပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် လေးဦး သေဆုံးခဲ့ရသည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။
နမ့်စီဘန်ဒေသ၊ မကျန်ခကျောက်စိမ်းလုက်ကွက်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြုံရေးအဖွဲ့များအကြား မေ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောက်စိမ်းလုပ်ကွက်ကို ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လိမိတက်က လုပ်ကိုင်နေခြင်းဖြစ်ကာ လုံခြုံရေးအဖွဲ့က ပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၁ ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
“ရေမဆေးကျောက်ရှာဖွေတဲ့သူတွေ တူးဖော်ရေးလုပ်ကွက်ထဲကို မလာကြဖို့ ဦးပိုင်က မနေ့က သတိပေးခဲ့တယ်” ဟု ဒေသခံလွှတ်တော်အမတ် ဦးမောင်တေက အေအက်ဖ်ပီကို ပြောကြားသည်။
“ဒါပေမယ့် ဒီမနက် ရေမဆေးရှာတဲ့သူတွေက အဲဒီကို သွားကြတော့ သူတို့က သေနတ်နဲ့ ပစ်လိုက်တဲ့အခါ လေးယောက်သေပြီး ၁၁ ယောက် ဒဏ်ရာရရှိတယ်။ အခုတော့ သူတို့ကို ဆေးရုံမှာပါ” ဟု ၎င်းကပြောသည်။
အဆိုပါဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် တစ်ဒါဇင်ခန့်ရှိကာ ယခုဖြစ်ပွားခဲ့သည့် လုပ်ကွက်လည်း အပါအဝင်ဖြစ်သည်။