စင်ကာပူသို့ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားနိုင်တော့မည်

နေပြည်တော်၊ ဇွန် ၇

သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား မည်သူမဆို စင်ကာပူနိုင်ငံသို့ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်တော့မည်ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

မြန်မာသမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ယနေ့ သီးခြားစီတွေ့ဆုံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ အသိပေးခြင်းဖြစ်သည်။

“၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်ကစပြီးတော့ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်တဲ့ မြန်မာနိုင်ငံသားတွေ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားလို့ရတော့မယ်။ ပိုနေချင်ရင်တော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လုပ်ရမှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

တွေ့ဆုံမှုများအတွင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ ပညာရေး၊ အသက်မွေး ဝမ်းကျောင်းကိစ္စများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ၁၉၉၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံအခွန်နှစ်ထပ်မဖြစ်ရေးသဘောတူညီချက်ကို ယနေ့ခေတ် နှစ်နိုင်ငံအခြေအနေ၊ ကမ္ဘာ့အခြေအနေများနှင့် ကိုက်ညီရန် ပြန်လည်သုံးသပ်ပြင်ဆင်ရေးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုမြှင်တင်ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန် စင်ကာပူဘက်က အဆိုပြုခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှု အခန်းကဏ္ဍ ပိုမိုမြင့်တက်လာရေး ကူညီပေးမည်ဟုလည်း လီရှန်လွန်းက ပြောကြားခဲ့သည်ဟု ဦးဇော်ဌေးက အတည်ပြု ပြောကြားသည်။

“ရန်ကုန်မှာလည်း ကျောင်းဖွင့်ထားပါတယ်။ မနက်ဖြန်ဆို စင်ကာပူ ဝန်ကြီးချုပ် အဲဒီကို သွားပြီးလေ့လာမှာဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းတွေကို မြန်မာလူငယ်တွေကို ပေးနေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လီရှန်လွန်းရဲ့ ဒီကနေ့ခရီးစဉ်ဟာ စင်ကာပူ-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် အဖြစ်ရောက်ရှိလာခြင်း ဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar