စင်ကာပူကုမ္ပဏီများအကြားတွင် မြန်မာနိုင်ငံက ရေပန်းအစားဆုံးဖြစ်နေ

ပြည်ပနိုင်ငံများတွင် စီးပွားရေး အခွင့်အလမ်း ရှာဖွေလိုကြသည့် စင်ကာပူကုမ္ပဏီအကြားတွင်  ရေပန်းအစားဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာသည်ဟု စင်ကာပူ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောကြားသည်။

စင်ကာပူစီးပွားရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr S.S. Teo သည် အဖွဲ့ဝင် ၄၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။ ပြီးခဲ့သည့် မတ်လတွင် မြန်မာနိုင်ငံ၌ အစိုးရအပြောင်းအလဲ ဖြစ်ပြီးနောက် စင်ကာပူ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံး သွားရောက်ခြင်းဖြစ်သည်ဟု စင်ကာပူနိုင်ငံမှ Today သတင်းစာက ရေးသားထားသည်။

အိမ်ခြံမြေ၊ ပညာရေး၊ ပုံနှိပ်လုပ်ငန်း၊ သင်္ဘောလိုင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့၏ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ ခြောက်ရက်ကြာ ခရီးစဉ်သည် စက်တင်ဘာ ၁၂ ရက်နေ့တွင် စတင်မည်ဟု သတင်းစာက ရေးသားထားသည်။

“ဒီကိုယ်စားလှယ်အဖွဲ့လိုမျိုး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဖြစ်ရပ်တွေမှာ စင်ကာပူကုမ္ပဏီတွေ အများအပြား ပါဝင်နေခြင်းက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်နေတယ်ဆိုတာ ပြသနေပါတယ်” ဟု Teo က သတင်းစာကို ပြောကြားသည်။

“တကယ်တော့ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ National Business Survey 2015-16 အရ ပြည်ပကို သွားရောက်လုပ်ကိုင်လိုတဲ့ စင်ကာပူကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံက ပေါ်ပြူလာအဖြစ်ဆုံး နိုင်ငံဖြစ်နေပါတယ်။ အခုလို စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွေကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးရှုခင်းနဲ့ ပေါ်ထွက်နေတဲ့ အခွင့်အလန်းတွေကို စင်ကာပူစီးပွားရေးသမားတွေ လက်တွေ့ကျကျ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ ပေါ်လစီများနှင့် လုပ်ငန်းအချို့၏ အခြေအနေများနှင့် ပတ်သက်ပြီး အဓိက ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အေဂျင်စီများက ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်တွင် ရှင်းလင်းပြောကြားမည်ဖြစ်သည်။ 

ရန်ကုန်နှင့် မန္တလေးတို့တွင်မူ စင်ကာပူစီးပွားရေးအဖွဲ့ချုပ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က စီစဉ်သည့် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲများကို ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ကြမည် ဖြစ်သည်။

စင်ကာပူသည် တရုတ်နိုင်ငံအပြီးတွင် မြန်မာနိုင်ငံ၌ ဒုတိယမြောက် အများဆုံး ရင်းနှီးမြှုပ်နှံထားသူဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအထိ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၂ ဒသမ ၅၇ ဘီလျံအထိ ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ကထက် ၉  ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar