စခန်း ၃ ခု ဖွင့်လှစ်၍ ဘင်္ဂလားဒေရှ့်မှ ပြန်လာသူများကို လက်ခံမည်

ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းက စတင်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သူများအား ပြန်လည်စိစစ်လက်ခံရေးစခန်း သုံးခုဖွင့်လှစ်ပြီး ပြန်လည်လက်ခံသွားမည်ဟု မြန်မာအစိုးရက ပြောကြားသည်။

ပြန်လည်လက်ခံရေးစခန်းများအဖြစ် တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ကြားစခန်းတို့တွင် UEHRD ၏ ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအား ပြန်လည် နေရာချထားနိုင်ရေးအတွက် ကြိုတင် ဆောင်ရွက်နေသည်ဟု အစိုးရက ယမန်နေ့က သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းများအား ARSA အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဒေသတွင်း တပ်မတော်က စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာတွင် ဒေသတွင်းရှိ မူဆလင်သိန်းနှင့်ချီကာ ထွက်ပြေးခဲ့ကြသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပြောကြားချက်များအရ စစ်ဆင်ရေးစတင် ဆောင်ရွက်ချိန်က စတင်ပြီး မူဆလင် ၆၇၀,၀၀၀ ခန့်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်း ထွက်ပြေးခဲ့ကြသည်။

ထွက်ပြေးသွားသူများအား ပြန်လည်ခေါ်ယူရေးအတွက် ဘင်္ဂလားဒေရှ့်နှင့် မြန်မာအစိုးရတို့အကြား သဘောတူညီချက်တစ်ခုကို နိုဝင်ဘာလအတွင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နှစ်နိုင်ငံ သဘောတူစာချုပ်အရ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများအား စနစ်တကျ စိစစ်လက်ခံမည့် လုပ်ငန်းများကို ဇန်နဝါရီ ၂၃ ရက်နေ့တွင် စတင်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် အဆင့်သင့်ဖြစ်နေပြီဟု မြန်မာအစိုးရက ပြောကြားသည်။

ပြန်လည်လက်ခံရေးစခန်းများမှ စနစ်တကျ စိစစ်လက်ခံပြီးသူများအား ယာယီထားရှိမည့် ကြားစခန်းဖြစ်သော လှဖိုးခေါင်စခန်းတွင် ယခုလအကုန်၌ အဆောက်အဦး ၁၄၀ လုံး တည်ဆောက် ပြီးစီးမည်ဖြစ်ကာ အဆောက်အဦးတစ်ခုတွင် လူ ၈၀ ဦးနေထိုင်နိုင်မည်ဟု အစိုးရက ပြောကြားသည်။

“လှဖိုးခေါင်စခန်းသည် ၁၂၄ ဧက ကျယ်ဝန်းပြီး အဆောက်အဦ ၆၂၅ လုံး ဆောက်လုပ်မည်ဖြစ်ပြီး လူဦးရေ ၃၀,၀၀၀ ခန့်ထိ ယာယီ နေထိုင်နိုင်မည်ဖြစ်ပါသည်” ဟု အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်လည်ရောက်ရှိလာသူများအား ၎င်းတို့ မူလနေထိုင်ခဲ့သည့် နေရာများမှ အနီးဆုံးနေရာတွင် ပြန်လည်နေရာ ချထားပေးခြင်းမပြုမီ လှဖိုးခေါင်စခန်းတွင် ယာယီနေထိုင်စေမည်ဟု ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ရိုက်တာသို့ ပြောကြားသည်။

“မြန်မာနိုင်ငံကို ပြန်လာကြသူအားလုံးကို လက်ခံနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ပြန်ရောက်လာသူများ၏ နေရပ်များကို စိစစ်နိုင်ရေးအတွက် တောင်ပြိုလက်ဝဲ၊ သို့မဟုတ် ငါးခူရတို့ရှိ စိစစ်ရေးစခန်းများသို့ စေလွှတ်မည်ဖြစ်ကာ ထို့နောက်တွင်မှ လှဖိုးခေါင်စခန်းသို့ ရွှေ့ပြောင်းစေမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြန်ရောက်လာကြသူများအနေဖြင့် ၎င်းတို့အတွက် နေအိမ်သစ်များ တည်ဆောက်ပြီးစီးမည့်အချိန်အထိ လှဖိုးခေါင်စခန်းတွင် အနည်းဆုံး တစ်လမှ နှစ်လအထိ နေထိုင်ကြရမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ရိုက်တာကို ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar