နေပြည်တော်၊ နိုဝင်ဘာ ၅
ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကလေးငယ်လေးတွေကို ဖခင်ဖြစ်သူ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာများ၊ စာများ၊ ပုံပြင်များအကြောင်း ပြောပြနေရင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ စက္ကန့် ၃၀ လောက် ငိုကြွေးခဲ့ပါတယ်။
ဆရာကြီးမင်းသုဝဏ်ဟာ အသက် ၉၆ နှစ်အရွယ်မှာ သူကွယ်လွန်ချိန်အထိ ကလေးကဗျာနဲ့ ကလေးပုံပြင် ၄၀၀ ကျော်နဲ့ ငှက်တွေအကြောင်း ရေးသားသွားတယ်လို့ ပြောပြနေရင်း “သားတို့ သမီးတို့ကို သိစေချင်တာက ကလေးစာပေကို တစ်ချိန်တုန်းက… မရှိတော့ပေမယ့် …” ဆိုတဲ့ နေရာအရောက်မှာ ဦးထင်ကျော်ရဲ့ ပြောလက်စ စကားမှာ ဆို့နင့်သံတွေပါလာပြီး ရပ်တန့်သွားတာပါ။
အဲဒီနောက်မှာတော့ “သားတို့သမီးတို့ကို ဘယ်လောက်ချစ်တယ်၊ သားတို့သမီးတို့ကို ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာကို သိစေချင်လို့ပါပဲ။ ဒါပဲ သားတို့သမီးတို့နော်။ ကျေးဇူးတင်ပါတယ်” လို့ ပြောရင်း သမ္မတဟာ သူ့ရဲ့ ခြောက်မိနစ်ကျော်ကြာ အမှာစကားကို နိဂုံးချုပ်လိုက်ပါတယ်။
နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ယနေ့ နံနက်ပိုင်းက ကျင်းပတဲ့ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ သမ္မတ ဦးထင်ကျော်က တက်ရောက်လာတဲ့ ကလေး သူငယ် ရာဂဏန်းခန့်ကို ကလေးစာပေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
၁၉၀၉ ခုနှစ်မှာမွေးဖွားပြီး ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်ဟာ မြန်မာစာပေသမိုင်းမှာ ကလေးတွေအတွက် ကဗျာတွေ၊ စာတွေ၊ ပုံပြင်တွေ များစွာ ရေးသားပေးခဲ့သူတစ်ဦးဖြစ်ပြီး ဝါဆိုဝါခေါင်၊ ဆွမ်းအုပ်နီနီကဲ့သို့သော ကဗျာအချို့ဟာ ကျောင်းသုံးစာအုပ်တွေမှာ သင်ရိုးဖတ်စာအဖြစ် ပုံနှိပ်ဖော်ပြခဲ့ရတဲ့ ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။
ဦးထင်ကျော်ကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ ဒုတိယမြောက်သားဖြစ်ပြီး သမ္မတအဖြစ် တာဝန်မယူခင်အထိ “ဒလဘန်း”အမည်နဲ့ စာတွေရေးသားခဲ့သူဖြစ်ပါတယ်။ သူ့ဖခင် စာရေးဆရာမင်းသုဝဏ်အကြောင်း ရေးသားထားတဲ့ “ အဘဘဝ အဘအကြောင်း တစေ့တစောင်း” စာအုပ်ဟာ ဦးထင်ကျော်ရဲ့ ထင်ရှားတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။
သမ္မတက ကလေးစာပေတွေကတစ်ဆင့် ရိုးသားမှုတွေ၊ အားမာန်သတ္တိတွေ၊ နိုင်ငံချစ်စိတ်တွေ မွေးဖွားပေးခဲ့တာဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံတော်ရဲ့ သားကောင်းရတနာတွေကို ကလေးစာပေတွေ၊ ကလေးစာဖတ်ခန်းတွေ၊ ကလေးကဗျာတွေနဲ့အတူ ပြုစု ပျိုးထောင်ပေးပါလို့လည်း အကြံပြု တိုက်တွန်းသွားခဲ့ပါသေးတယ်။
“ကိုယ့်အတွက်ထက် အများအကျိုးကို စဉ်းစားတတ်တဲ့ စိတ်ကလေးတွေ ဖြစ်လာအောင် အဲဒီလို စာပေလေးတွေကို လေ့လာစေချင်တယ်”လို့ ဦးထင်ကျော်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ကလေးစာပေပွဲတော်ကို နံနက် ၈ နာရီကနေ ၅နာရီအထိ ကျင်းပနေတာဖြစ်ပြီး စာအုပ်ဆိုင်ပေါင်းများစွာက အရောင်းဆိုင်တွေဖွင့်လှစ်ရောင်းချနေကာ နံနက်ပိုင်းအချိန်မှာတော့ ကလေးလူကြီး ထောင်ဂဏန်းအထိ စိတ်ဝင်တစား လာရောက်ကြတာ တွေ့ရပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း