ငှက်ဖျားတိုက်ဖျက်ရေး M2030 လှုပ်ရှားမှုတွင် Yoma က ပုဂ္ဂလိကအခန်းကဏ္ဍမှ ဦးဆောင်ပါဝင်မည်

၂၀၃၀ ပြည့်နှစ်တွင် ဒေသအတွင်း ငှက်ဖျားရောဂါ လုံးဝပပျောက်ရေးအတွက် လုပ်ဆောင်နေသော M2030 လှုပ်ရှားမှုတွင် Yoma Strategic Holdings က မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင် လုပ်ကိုင်သွားမည်ဖြစ်သည်။

M2030 လှုပ်ရှားမှုကို အာရှပစိဖိတ် ဒေသအတွင်းရှိ နိုင်ငံများမှ အစိုးရခေါင်းဆောင် ၂၃ ဦးပါဝင်သော Asia Pacific Leaders Malaria Alliance (APLMA) က စတင်ခဲ့သည်။ စီးပွားရေးကဏ္ဍမှ ခေါင်းဆောင်များအနေဖြင့် ငှက်ဖျားတိုက်ဖျက်ရေးတွင် ထောက်ခံအားပေး ပါဝင် ဆောင်ရွက်လာစေရန် အဆိုပါလှုပ်ရှားမှုက ရည်ရွယ်ထားသည်။

Yoma Strategic အနေဖြင့် APLMA နှင့်အတူ မြန်မာနိုင်ငံအစိုးရနှင့် အခြား ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်၍ နိုင်ငံအတွင်း ငှက်ဖျားရောဂါအကြောင်း သတိမူသိရှိလာအောင် ပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ပြည်သူ့ကျန်းမာရေးအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်သည့် ရန်ပုံငွေများကို ရှာဖွေစုဆောင်းသွားမည်ဖြစ်သည်။

“ကမ္ဘာအနှံ့ရှိ နေရာများစွာတွင် ငှက်ဖျားရောဂါ ပပျောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး အဆိုပါရည်မှန်းချက်ကို အာရှဒေသတွင် အကောင်အထည်ဖော်နိုင်အောင် တိုးမြှင့် လုပ်ဆောင်လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါပျံ့နှံ့မှုမှာ မြင့်မားနေဆဲဖြစ်ပါတယ်။ မဲခေါင်ဒေသခွဲတွင် ငှက်ဖျားဆေး ယဉ်ပါးမှုများကလည်း စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။ ကျွန်တော်တို့နှင့်အတူ အစိုးရနဲ့ အခြား စီးပွားရေးအဖွဲ့အစည်းများ အတူ ပူးပေါင်း၍ အဆိုပါ အသံတိတ်ရောဂါ ပပျောက်အောင် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Melvyn Pun မှ ပြောကြားသည်။

Yoma Strategic အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအား ထောက်ပံ့ပေးမည့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ စုဆောင်းရေးနှင့် ပညာပေးလုပ်ငန်းများကို ထောက်ပံ့ပေးနိုင်သည့် အစီအစဉ်များကို Wave Money နှင့် Pun Hlaing Siloam ဆေးရုံတို့နှင့်အတူ Yoma Strategic မှ စတင် ပြုလုပ်သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန် လိုအပ်သည့် ငှက်ဖျားရောဂါ ထိန်းချုပ်ဆေးဝါးများနှင့် အခြားပြောင်းလဲမှုများကို လုပ်ဆောင်သွားရန် ကျွန်တော်တို့တွင် အခွင့်အလမ်းများစွာ ရှိနေပါတယ်” ဟု Melvyn Pun က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၃၁ ဒသမ ၅ သန်းခန့်မှာ ငှက်ဖျားရောဂါကူးစက်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။ စစ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် ငှက်ဖျားရောဂါ ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော်ရှိခဲ့သည်ဟုဆိုသည်။

“နိုင်ငံအတွင်း ငှက်ဖျားရောဂါပပျောက်ရေးအတွက် Yoma က ပါဝင် လုပ်ဆောင်သွားမှာကို ကျွန်တော်အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်။ Yoma ရဲ့ ပါဝင်လုပ်ဆောင်မှုကြောင့် ပြည်သူတွေ ပိုမိုသတိမူလာမည်ဖြစ်ပြီး ပို၍ဆန်းသစ်သည့် အတွေးအခေါ် အစီအစဉ်များကြောင့် မြန်မာနိုင်ငံလည်း ငှက်ဖျားရောဂါကင်းစင်တဲ့ အနာဂတ်နဲ့ ပိုနီးစပ်လာမှာပါ” ဟု APLMA ၏ အမှုဆောင် အရာရှိချုပ် Mr. Benjamin Rolfe က ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar