ငွေလဲနှုန်းများ ပြန်လည်တည်ငြိမ်လာစေရန် ကုန်သည်စက်မှုအသင်းချုပ်က အစိုးရကို အကြံပြု

သုံးလအတွင်း ကျဆင်းသွားသည့် မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်တည်ငြိမ်လာစေရန်အတွက် ငွေလွှဲနှုန်း တည်ငြိမ်လာစေရန်၊ နိုင်ငံခြားရေး ပိုမိုရရှိလာစေရန်၊ ကျပ်ငွေဝယ်လိုအားကို မြှင့်တင်ရန်အပြင် ပို့ကုန်သွင်းကုန်ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များကို အစိုးရထံ ပေးပို့သွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကြေညာခဲ့သည်။ 

မြန်မာကျပ်ငွေတန်ဖိုးသည် ပြီးခဲ့သည့် အောက်တိုဘာလမှ ယခုလအထိ သုံးလအတွင်း ၁၇ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု အသင်းချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ မြင့်တက်နေခြင်း အခြေအနေသည် မြန်မာ့စီးပွားရေးကဏ္ဍအပေါ် ထိခိုက်စေမှုများ ဖြစ်ပေါ်စေလျက်ရှိပြီး ပြည်တွင်းအထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ဈေးကွက်အတွင်း နိုင်ငံခြားငွေ ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟမှု မြင့်မားနေခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာကာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာရခြင်း၏ အဓိက အကြောင်းရင်းများမှာ ကုန်သွယ်မှုလိုငွေမြင့်မားနေခြင်း၊ တရားမဝင် ငွေကြေးဈေးကွက် အားကောင်းနေခြင်းနှင့် ဒေါ်လာဈေးကစားကြသူများကြောင့် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်လာစေရေးအတွက် ဗဟိုဘဏ်အနေဖြင့် လိုအပ်ပါက Free Floating Exchange Rate အစား Managed Floating Exchange Rate စနစ်ကို ပြောင်းလဲ ကျင့်သုံးသင့်ပြီး ငွေကြေးဈေးကွက် မတည်ငြိမ်မှုများအား ပျော့ပျောင်းသောနည်းဖြင့် ထိန်းညှိပေးရန် အသင်းချုပ်က အကြံပြုထားသည်။

ဗဟိုဘဏ်က ငွေကြေးဈေးကွက်အား လိုအပ်ပါက ဝင်ရောက် ထိန်းညှိမည်ဖြစ်ကြောင်း ငွေကြေး ဈေးကစားသူများအား သတိပေးသည့်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကြေညာရန်၊ ငွေကြေးဈေးကွက်အတွင်း ဈေးနှုန်းထိန်းညှိခြင်း ပိုမိုလွယ်ကူစေရန် တရားမဝင် ငွေကြေးဈေးကွက်အား တိုက်ဖျက်ပြီး ဘဏ်လုပ်ငန်းများနှင့် အသုံးပြုသူများအကြားသာ တိုက်ရိုက် အရောင်းအဝယ်ပြုစေရန်အပြင် နိုင်ငံခြားဘဏ်စာရင်းမှ တစ်နေ့လျှင် အများဆုံး ဒေါ်လာ ၅,၀၀၀ ဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်သာ ငွေထုတ်ယူရန် သတ်မှတ်တားမြစ်ထားမှုအား ချက်ချင်း ပယ်ဖျက်ရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် နိုင်ငံခြားငွေများ ပိုမိုရရှိလာစေရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ခွင့်ပြုရာတွင် ငွေကြေးအရင်းအနှီးများအား ပြည်တွင်းသို့ သယ်ယူကာ လည်ပတ်စေမည့် လုပ်ငန်းများအား ဦးစားပေးခြင်းနှင့် ပြည်တွင်း၌ အမှန်တကယ် လည်ပတ်စေခြင်း (Capital Brought-In) ရှိမရှိ စစ်ဆေး ကြပ်မတ်စေခြင်းတို့ကို ဆောင်ရွက်ရန်၊ နိုင်ငံခြားရောက် မြန်မာအလုပ်သမားများ၏ ပြန်ပို့ငွေများ တရားဝင်နည်းလမ်းများမှ တစ်ဆင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာရေးနှင့် နိုင်ငံခြားဘဏ်များ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် စသည်တို့တွင် ကိန်းအောင်းနေသော နိုင်ငံခြားငွေများ မြန်မာ့ဈေးကွက်အတွင်းသို့ စီးဆင်းလည်ပတ်စေရေး ဆောင်ရွက်ရန်နှင့် ပို့ကုန်နှင့် ပြန်လည်ပို့ကုန်မှ ရရှိသော နိုင်ငံခြားငွေများ ပြည်ပတွင် လည်ပတ်နေခြင်းမဟုတ်ပဲ ပြည်တွင်းသို့ အမှန်တကယ် ဝင်ရောက်လာစေရန်အတွက် သက်ဆိုင်ရာကုမ္ပဏီအား ခြောက်လအတွင်း ငွေလွှဲယူမှု ရှိမရှိ စစ်ဆေး၍ မရှိက အရေးယူရန်တို့ကိုပါ အကြံပြု တိုက်တွန်းထားသည်။ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် JICA စသည်တို့က ပေးအပ်ရန် ကတိပြုထားသည့် ကူညီထောက်ပံ့ငွေပေါင်း အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အား လျှင်မြန် ထိရောက်စွာ ရရှိနိုင်ရန် နိုင်ငံတော်အစိုးရက ညှိုနှိုင်းကူညီရန်ကိုလည်း တိုက်တွန်းထားသည်။

ကျပ်ငွေ ဝယ်လိုအားမြှင့်တင်ရေး အကြံပြုချက်များအနေဖြင့် ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်း၊ လေကြောင်းခရီးစဉ်၊ အကြံပေးဝန်ဆောင်မှု၊ လူသုံးကုန် ထုတ်လုပ်ငန်းနှင့် လစာများပေးချေခြင်းများကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ၏ ငွေလွှဲပေးချေမှုတွင် ကျပ်ငွေကိုသာ အသုံးပြုရေး မူဝါဒများ ချမှတ်ရန်နှင့် အကြွေးဝယ်ကဒ် (Credit Card) များ အသုံးပြု၍ ကျပ်ငွေလွှဲပြောင်းမှုများ တိုးမြင့်လာစေရေး အစိုးရမှ တွန်းအားပေးရန် တိုက်တွန်းထားသည်။

ထို့ပြင် ပို့ကုန် သွင်းကုန်ဆိုင်ရာတွင်လည်း လက်ရှိတွင် နိုင်ငံခြားမှ တင်သွင်းမှု အများဆုံးဖြစ်သော ကုန်ပစ္စည်းများကို လေ့လာပြီး၊ အရေးကြီး လိုအပ်မှုအပေါ် ဦးစားပေး သတ်မှတ်ကာ အချို့ကုန်ပစ္စည်းများ တင်သွင်းမှုကို လျှော့ချရန် တိုက်တွန်းထားသည်။ အချိန်တိုအတွင်း ပို့ကုန်မြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြစ်သည့် လက်ရှိ ကောက်ခံလျက်ရှိသည့် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းအား ပယ်ဖျက်ပေးရန် မလိုအပ်သလို အခွန် နှစ်ရာခိုင်နှုန်းကလည်း လုပ်ငန်းရှင်များအား ဝန်ပိစေခြင်းမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

ငွေလွှဲနှုန်း တည်ငြိမ်စေရေးအတွက် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် ပြည်တွင်းသို့ နိုင်ငံခြားငွေများ ပိုမိုများပြားစွာ ဝင်ရောက် စီးဆင်းစေမည့် နိုင်ငံခြားဘဏ်လုပ်ငန်းများ ပြည်တွင်း၌ လုပ်ကိုင်ခွင့်ရရှိစေရန်၊ ပြည်တွင်းထုတ်ကုန် မြင့်မားလာစေရန်နှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးအတွက် အဓိကကျသော တန်ဖိုးမြှင့် ထုတ်ကုန်လုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍအပြင် Supply Chain တစ်ခုလုံးရှိ Supporting Industries များကိုပါ အားပေးထောက်ပံ့သွားရန်၊ အထက်ပါ လုပ်ငန်းများအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်း၍ မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ကာ ရေတိုရေရှည် စီမံကိန်းများဖြင့် ဆောင်ရွက်သင့်သည်ဟု အကြံပြုထားသည်။

ငွေလဲနှုန်း တည်ငြိမ်လာစေရေးအတွက်လည်း ပုဂ္ဂလိကကဏ္ဍမှ ပိုမို ကျယ်ပြန့်၍ ပိုမိုထိရောက်သော မူူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်၊ တိုက်တွန်းချက်များဖြင့် အစိုးရအား ပံ့ပိုးနိုင်ရန် မြန်မာ့ စီးပွားရေးကဏ္ဍအားလုံးမှ အသင်းအဖွဲ့များ၊ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ကုန်သည်စက်မှုအသင်းချုပ်က မကြာမီ ကျင်းပသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်ကာ ကမ္ဘာ့ဈေးကွက်အတွင်း မြန်မာ့ထုတ်ကုန်များ ခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက် တိုးချဲ့ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်”ဟု ထုတ်ပြန်ထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.