ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ ပထမရက်၌ အချက်လေးချက် သဘောတူညီမှုရ

ရဲမွန်

နေပြည်တော်မှာ ယနေ့စတင် ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ ပထမရက်မှာ အချက်လေးချက်ကို သဘောတူညီမှု ရရှိခဲ့တယ်လို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ပြောပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ အဆိုပါ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ ပထမရက် အခြေအနေပေါ် အားရကျေနပ်တယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုဥက္ကဋ္ဌ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ဒီနေ့ကတော့ အဓိကအရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း ညီလာခံတစ်ကြိမ် ကျင်းပမယ်။ ၂ဝ၁၉ ခုနှစ်ထဲမှာ နှစ်ကြိမ် ကျင်းပမယ်။ အဲဒီအတွင်းမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်မူတွေရရှိအောင် ဆောင်ရွက်ကြမယ်ဆိုတာ ထပ်လောင်းပြီး အတည်ပြုခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်း လွယ်ကူစေဖို့ ဆောင်ရွက်မယ့် ကိစ္စရပ်၊ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် အားလုံး ပါဝင်ရေးကိစ္စရပ်၊ နိုင်ငံရေးဆွေးနွေးပွဲများမှာ ခေါင်းဆောင်တွေအကြား သဘောတူညီမှုရရှိပြီးမှ ချပေးတဲ့ ပုံစံကျင့်သုံးမယ့်ကိစ္စရပ် စတာတွေကို သဘောတူညီချက် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

“အခု နိုင်ငံရေးတွေ့ဆုံပွဲတွေမှာ အောက်က လူထုတွေ့ဆုံပွဲတို့ တက်လာတဲ့ဟာတွေကို ဆောင်ရွက်တာ ဖြစ်တယ်။ အခုဆွေးနွေးပွဲမှာ ဆွေးနွေးတာက ထိပ်သီးခေါင်းဆောင်တွေတွေ့ပြီး အပေါ်ကနေ ချပေးတာမျိုး ကျင့်သုံးမယ်”လို့ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယ ကာကွယ်ရေးဦးစီချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲဒီအပေါ် စိတ်မကောင်းဖြစ်ရတယ်လို့လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

မနက်ဖြန် (အောက်တိုဘာ ၁၆ ရက်နေ့) ဆွေးနွေးပွဲ ဒုတိယရက်မှာတော့ အရေးကြီးအချက်တွေဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စနဲ့ တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူ ချမှတ်ဖို့ ကိစ္စရပ်တွေ ဆွေးနွေးကြမှာ ဖြစ်တာကြောင့် တပ်မတော် ခေါင်းဆောင်နှစ်ဦးကို တက်ရောက်စေချင်တယ်လို့ ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ခွဲမထွက်ရေးကိစ္စကို ဆွေးနွေးဖို့ မလိုအပ်သလို ပြည်ထောင်စု သဘောတူညီမှုစာချုပ်မှာလည်း ပြည်ထောင်စုမှ ခွဲမထွက်ရဆိုတဲ့ အချက်ကို တားမြစ်ချက် ခေါင်းစဉ်အောက်မှာ ထည့်သွင်းသင့်တယ်ဆိုပြီး ယနေ့နံနက်ပိုင်းက ကျင်းပတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar