ငြိမ်းချမ်းရေးအတွက် ၁၈ လအတွင်း ကန်ဒေါ်လာ ၁၃ သန်းကျော် သုံးမည်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကဏ္ဍများအတွက် ၁၈ လအတွင်း အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် သုံးစွဲရန် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကြာသပတေးနေ့က ပြုလုပ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးက အတည်ပြုလိုက်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအကူအညီများပါဝင်သည့် အဆိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ စေ့စပ်ညှိနှိုင်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန စသည့် ကဏ္ဍလေးခုတွင် သုံးစွဲသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းထားပြီး ဥပဒေပါအတိုင်း အခွင့်အရေးများ မြှင့်တင် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း” ပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ထို့ပြင် “တစ်ဘက်တွင် ပဋိပက္ခများလျှော့ချနိုင်ရန် ဆွေးနွေး ညှိနှိုင်းသွားရမည် ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်း ဒေသခံများ၏ အကျိုးစီးပွားကို အတတ်နိုင်ဆုံး စောင့်ရှောက်မြှင့် တင်သွားနိုင်ရန် နှစ်လမ်းသွားနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး အပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးရသေးသူများနှင့် ထိုးပြီးသူများကို ခွဲခြားဆက်ဆံခြင်းမပြုပါ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

အစည်းအဝေးသို့ NCA ထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်များဖက်မှ ပါဝင်တက်ရောက်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက “ကဏ္ဍအလိုက် သတ်မှတ်ထားတဲ့ နှုန်းထားတွေက များနေလား။ လက်ရှိအနေအထားနဲ့ ကိုက်ညီလား။ ဒါကိုပဲ ကျွန်တော်တို့ စိစစ်တာပါ” ဟု Frontier ကို ရှင်းပြသည်။

သို့သော် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မည်သည့်ဒေသတွင် စတင် အကောင်အထည်ဖော်မည်ကိုမူ မဆုံးဖြတ် နိုင်သေးကြောင်း သိရသည်။

“ဖွံ့ဖြိုးရေးကိစ္စတွေ အကောင်အထည်ဖော်ဖို့က အဆင်သင့်ဖြစ်မှုပေါ်မှာ မူတည်တယ်။ ဒေသတစ်ခုနဲ့ တစ်ခု လိုအပ်ချက် မတူညီဘူး။ လုပ်နိုင်တဲ့အနေအထား မတူညီဘူးဆိုတော့ ဒီကနေ့ကတော့ မူသဘောအရပဲ ဆွေးနွေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်မယ့် ဖွံ့ဖြိုးမှုတွေကို လုပ်ဖို့ပေ့ါ” ဟု ဖဒိုစောကွယ်ထူးဝင်း ကပြောသည်။

ရန်ပုံငွေများထဲမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အတွက် ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အတွက် ဒေါ်လာ ၆ ဒသမ ၅ သန်း၊ NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ CT Office အတွက် လိုအပ်သော ဒေါ်လာ ၄ ဒသမ ၇ သန်း သုံးစွဲရန် ယနေ့အစည်းအဝေးက သဘောတူခဲ့သည်။

ထို့ပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းအတွက် NRPC မှ ခွင့်ပြုရန်ပုံငွေကို အမြင့်ဆုံး နှုန်းထား ကျပ် သိန်း ၆၀၀ သတ်မှတ်ရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် တစ်နေရာနှင့်တစ်နေရာ အသုံးစရိတ် ရန်ပုံငွေပေါ်မူတည်၍ အဆင့်အတန်း ကွာဟမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်ကိုလည်း သဘောတူခဲ့ကြသည်။

အစည်းအဝေးသို့ NCA လက်မှတ်ထိုးထားခြင်း မရှိသေးသော ဝ နှင့် မိုင်းလားအဖွဲ့တို့မှ ဌာနမှူးအဆင့် ကိုယ်စားလှယ်တစ်ဦးစီ တက်ရောက်ကြောင်း သိရသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar