ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးမှာ ပြည်သူများနှင့် အဓိကဆိုင်သည့် ကိစ္စဖြစ်သည့်အတွက် ပြည်သူများကိုယ်တိုင် စည်းရုံးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် အွန်လိုင်းမှ မေးမြန်းလာသည့် မေးခွန်းအား ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခြင်းဖြစ်သည်။
“ပြည်သူတွေပဲ စည်းရုံးကြပါ။ ဒါပြည်သူတွေနဲ့ အဓိကဆိုင်တဲ့ ကိစ္စဖြစ်တယ်။ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူတွေရဲ့ အဓိက ပြဿနာက ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို မသိသေးလို့ပဲ။ ငြိမ်းချမ်းရေးရရင် မိမိတို့အပါအဝင် အားလုံးအတွက် ဘယ်လို အကျိုးအမြတ်တွေ ရှိနိုင်သလဲဆိုတာကို သဘောမပေါက်သေးလို့။ အခုအခြေအနေနဲ့စာရင် ငြိမ်းချမ်းရေးရရင် ပိုကောင်းမယ်ဆိုတာကို နှလုံးမသွင်းနိုင်သေးလို့ ငြိမ်းချမ်းရေး ကို မလိုလားတာပေါ့” ဟု ၎င်းကပြောကြားသည်။
“တကယ်ပဲ ငြိမ်းချမ်းရေးရရင် ပိုပြီးတော့ အကျိုးအမြတ်၊ အသီးအပွင့်တွေဟာ တခြားသူတွေအတွက်တင် မဟုတ်ဘူး၊ မိမိတို့အတွက်ပါ များလာမယ် ဆိုတာကို သဘောပေါက်သွားရင်တော့ ငြိမ်းချမ်းရေး လိုလားမှာပါပဲ။ ဒါကြောင့် အားလုံးအတွက် အကျိုးအမြတ် ရှိနိုင်တယ်ဆိုတဲ့ဟာကို ထင်ရှားအောင်လို့ ပြည်သူတွေကလည်း ဝိုင်းပြီးတော့ လုပ်ပေးရမယ်။ ကိုယ်တိုင်ကလည်း ဖြစ်အောင်လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
“ငြိမ်းချမ်းရေးရပြီးတဲ့ နေရာတွေမှာ အထူးအရေးကြီးတယ်။ ငြိမ်းချမ်းရေးရပြီးတဲ့နေရာမှာ ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲဖို့။ ငြိမ်းချမ်းရေးကို သိပ်ပြီး မလိုလားသူတွေဟာလည်း ကျွန်မတို့ ပြည်သူတွေရဲ့ တစ်စိတ်တစ်ပိုင်းပါ။ အဲဒီတော့ ကိုယ့်အချင်းချင်း၊ ကိုယ်ပြန်ပြီးတော့ အားလုံးကနေ စည်းရုံးပြီး အတူတူတွဲခေါ်ဖို့ အရေးကြီးပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများက ကယားပြည်နယ်တွင် လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေး ပြန်လည်ပျက်စီးသွားမည်ကို စိုးရိမ်နေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ပြည်နယ်မှာ ဖြစ်သွားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်ရဲ့ ပဋိပက္ခ အဖြစ်အပျက်ဆိုရင် ပြည်သူလူထုကြားထဲမှာ တော်တော်လေးကို စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်သွားပါတယ်။ ငြိမ်းချမ်းရေး ရောင်နီသန်းခါမှ ပြန်ပြီး မိုးချုပ်သွားမလားတောင် စိုးရိမ်မှုတွေ ရှိလာတာလဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းလာပြီဆိုတာနဲ့ တစ်ပြိုင်နက် ပထမဦးဆုံးခံစားရမှာက အကြောက်တရားတွေ ကင်းစင်မယ်၊ နောက်တစ်ခါ တရားဥပဒေ စိုးမိုးမှုပါပဲ။ ငြိမ်းချမ်းခြင်းနဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်းဟာ တိုက်ရိုက် အချိုးကျ နေတယ်လို့ အောက်မေ့ပါတယ်” ဟု ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်သည့် ဦးစိုးရာဇာဝင်းက ပြောကြားသည်။