မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် “ဖြောင့်မတ်တည်ကြည် သတ္တိကြီးသော ကရင်တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးအလေးထား အားကိုးလိုပါသည်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်နဝါရီ ၆ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့သည့်သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
“ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်၏ ဆိုးကျိုးဒဏ်ရာဒဏ်ချက်များကို ပြင်းထန်စွာခံစားခဲ့ရသော ကရင်တိုင်းရင်းသားများသည် ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူရန်လိုအပ်ကြောင်းကို လေးနက်စွာ နည်းလည်ယုံကြည်ကြမည်သာ ဖြစ်ပါသည်” ဟုလည်း သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
ပြည်တွင်းပြည်ပ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့် အခါသမယတွင် တိုင်းရင်းသားအားလုံး၏ တစ်ဦးချင်း၏ အရည်အသွေး၊ စိတ်ဓာတ်သည် များစွာအရေးကြီးသည်ဟု ၎င်းကပြောသည်။
“အားလုံးညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည် နိုင်ငံ၏ ကာကွယ်ရေး၊ လုံခြုံရေးအတွက် အထက်မြက်ဆုံးလက်နက်ဖြစ်ပါသည်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့က ကျရောက်ခဲ့သည့် ကရင်ပြည်နယ်နေ့ကလည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် ကရင်ပြည်နယ်မှ ပြည်သူများ ဆက်လက် လက်တွဲ ကြိုးပမ်းသွားကြရန် သမ္မတဦးဝင်းမြင့်က တိုက်တွန်းခဲ့သေးသည်။