ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ပြည်ခိုင်ဖြိုးသဘောထားကို ၂၁ ရာစု ပင်လုံ ညီလာခံတွင် တင်သွင်းမည်

ရွေးကောက်ပွဲ ရှုံးပြီးနောက် အာဏာစွန့်လွှတ်ထားရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထား ရပ်တည်ချက်ကို ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်းရန် စီစဉ်ထားသည်။

“မကြာမီကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ကျွန်တော်တို့ပါတီရဲ့ ဆောင်ရွက်ချက်များနဲ့ သဘောထား ရပ်တည်ချက်များကို ဖော်ထုတ် ကြေညာပေးနိုင်တော့မှာ ဖြစ်ပါတယ်”ဟု ပါတီဥက္ကဋ္ဌလည်းဖြစ်၊ သမ္မတဟောင်းလည်းဖြစ်သည့် ဦးသိန်းစိန်က ပြောသည်။

နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တွင် ငါးရက်ကြာ ကျင်းပနေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့ဖြစ်သည့် သြဂုတ် ၁၁ ရက်နေ့တွင် တက်ရောက်လာသည့် ပါတီဝင်များအား ၎င်းက အသိပေးလိုက်ခြင်းဖြစ်သည်။

“တွေ့ရှိချက်များဟာ ပြည်သူ့ဆန္ဒနဲ့ တစ်ထပ်တည်းကျမယ်လို့လည်း ယုံကြည်ပါတယ်။ ဖော်ထုတ် တွေ့ရှိချက်များကို လက်တွေ့ကျကျ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း မှာကြားလိုပါတယ်” ဟုလည်း ဦးသိန်းစိန်ကဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသမိုင်းကြောင်းနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးတည်ဆောက်မှု ဆောင်ရွက်ချက်များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးတည်သော ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးနှင့် ပြည်ထောင်စု အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးစသည့် ခေါင်းစဉ်များအပေါ် အခြေခံ၍ စာတမ်းလေးခု တင်သွင်းကာ ဆွေးနွေးကြခြင်းဖြစ်သည်။

“အဲဒီစာတမ်းတွေကို ပေါင်းစပ်ပြီး စာတမ်းတစ်စောင် ပြုစုမယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်တည်ချက် သဘောထားပေ့ါ”ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက ပြောသည်။

ရရှိလာသည့် စာတမ်းကို သြဂုတ်လတတိယပတ်တွင် ကျင်းပရန် စီစဉ်ထားသည့် ပါတီညီလာခံသို့ တင်သွင်း၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်မည်ဟုလည်း ၎င်းက အသိပေးသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဖူးသူ ဦးခင်ရီက အစိုးရသစ် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးငန်းစဉ်များအပေါ် “ ကြိုးစားပြီး ဆောင်ရွက်နေတယ်လို့ မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။

ထို့အတူ ပြင်ပတွင် ထွက်ပေါ်နေသည့် သုံးသပ်ချက်အချို့ကို ရည်ညွှန်း၍လည်း ၎င်းက “၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်လိုက်တဲ့အတွက်ကြောင့် အပြင်မှာ သုံးသပ်နေတာက ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိကဝတ်ဆိုတာ ပါလာတယ်။ ဒီအပေါ်မှာ ဘာသာပြန်တဲ့အခါ နားလည်မှု လွဲနိုင်တာတွေရှိနိုင်တယ်။ ဒီလိုဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကြာသွားနိုင်သလား။ ဒီလိုအပြင်မှာ သုံးသပ်နေတာတော့ရှိတယ်” ဟု ပြောကြားသည်။

၂၁ ရာစုပင်လုံညီလာခံကို ပြီးခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကို အပြတ်အသတ် အနိုင်ရ၍ တစ်ပါတီတည်း အစိုးရဖွဲ့ထားနိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက သြဂုတ် ၃၁ ရက်မှ စတင်၍ ကျင်းပရန်ပြင်ဆင်နေသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar