ငြိမ်းချမ်းရေးညီလာခံ စတင်နေသော်လည်း တိုက်ပွဲများ ဖြစ်ပွားနေ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရသစ်က စတင်ကျင်းပနေပြီဖြစ်သည့် ငြိမ်းချမ်းရေးညီလာခံကြီးမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော်တို့ကြား အသစ်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ၏ လွှမ်းမိုးမှုကို ခံနေရသည်ဟု ဆွေးနွေးပွဲတွင် ပါဝင်သူများက အေအက်ဖ်ပီကို သြဂုတ် ၃၀ ရက်နေ့က ပြောသည်။

သြဂုတ် ၃၁ ရက်နေ့မှ စတင်ကာ ငါးရက်ကြာ ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်က စတင်ကာ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်မှုများအား ရပ်တန့်သွားစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ပထဆုံး တွန်းအားပေး ဆောင်ရွက်မှုကြီး ဖြစ်သည်။

ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုပေးသည့် ညီလာခံမတိုင်မီတွင် ပစ်ခတ်တိုက်ခိုက်မှုများ တစ်ဖက်သတ် ရပ်တန့်ပေးရန် စီစဉ်ကျင်းပသူများက တိုက်တွန်းခဲ့ကြသည်။

သို့သော် ပြန်လည်ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှု အသစ်များကြောင့် အဆိုပါ မေ ျှာ်လင့်ချက်များ ပျက်ပြယ်သွားရသည်ဟု တိုင်းရင်းသား လက်နက်ကိုင်နှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေး ညှိနှိုင်းသူများက အေအက်ဖ်ပီကို ပြောသည်။

ညီလာခံတက်ရောက်မည့် အဖွဲ့များအနေဖြင့် လက်နက်စွန့်ရန် လိုအပ်မည်ဟု တပ်မတော်က တောင်းဆိုထားမှုကို လက်နက်ကိုင်အဖွဲ့အချို့က လက်ခံခြင်း မရှိပဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြခြင်းဖြစ်သည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ညီလာခံသည် ငြိမ်းချမ်းရေးအတွက် အရေးပါသည့် ပထမဆုံး ခြေလှမ်းဖြစ်သည်ဟု ညီလာခံမတိုင်မီတွင် ပြောကြားခဲ့သည်။

“ခင်ဗျားတို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လျောက်လှမ်းတဲ့ ခြေလှမ်းတွေဟာ ပိုမိုခိုင်မာဖို့၊ ကျယ်ပြန့်ဖို့နဲ့ ပေါင်းစည်းညီလာဖို့ လိုအပ်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

တပ်မတော်က ရှမ်းနှင့် ကချင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ၏ စခန်းများအား သြဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များက ပြောကြားသည်။

ထိုသို့သော အပြုအမူများကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုးတက်မှုများရရှိရေးကို အနှောင့်အရှက်ဖြစ်နေနိုင်သည်ဟု ၎င်းတို့က သတိပေးသည်။

“လက်ရှိအချိန်မှာတော့ အဖွဲ့တိုင်းက တပ်မတော်အပေါ် ယုံကြည်မှုရှိဖို့ ခက်ခဲနေပါသေးတယ်” ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုမှ အမည်မဖော်လိုသည့် ညှိနှိုင်းသူတစ်ဦးကပြောသည်။

“ဒီမှာ (နေပြည်တော်မှာ) ငြိမ်းချမ်းရေးအကြောင်း သူတို့ပြောနေကြတယ်။ ဟိုမှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားသည့် အချို့သောပြည်နယ်များရှိ အဖွဲ့များက တပ်မတော်ကို တစ်ဖက်သတ် အပစ်အခတ် ရပ်စဲစေလိုကြပြီး လိုက်နာမှုရှိမရှိအား မြေပြင်တွင် စောင့်ကြည့်ရန် နိုင်ငံတကာလေ့လာသူများအား တာဝန်ပေးစေလိုကြသည်ဟု ၎င်းကပြောသည်။

ကုလသမဂ္ဂက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်သည့် စာရင်းများအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ရခိုင်ပြည်နယ်တွင် လူမျိုးရေးတင်းမာမှုများကြောင့် လူပေါင်း ၂၂၀,၀၀၀ ခန့်မှာ နေရပ်များ စွန့်ခွာတိမ်းရှောင်နေရသည်ဟု ဖော်ပြထားသည်။

ယခုနှစ်အတွင်းအာဏာရရှိလာချိန်မှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့သည် ယခင်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့အကြား ချုပ်ဆိုထားသည့် အပစ်ရပ်သဘောတူညီချက်အား ထပ်မံချဲ့ထွင်ရန် တွန်းအားပေး ကြိးစားခဲ့သည်။

သို့ရာတွင် အခြေခံဥပဒေအရ တပ်မတော်အနေဖြင့် နယ်စပ်ဒေသနှင့် ကာကွယ်ရေးကဲ့သို့သော အဓိကဌာနများအား ချုပ်ကိုင်ခွင့် ရရှိထားသည်။

“ဒီကိစ္စကြောင့် အစိုးရမှာလည်း တပ်မတော်နဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ဖိအားတွေ ရှိနေပါတယ်” ဟု အစိုးရဘက်မှ အရပ်သား ငြိမ်းချမ်းရေး ညှိနှိုင်းသူတစ်ဦးက ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ပေါ်ထွန်းလာရေးအတွက် လမ်းကြောင်းပေါ်ထွက်လာရန် ဒေါ်အောင်ဆန်းစုကြည်က မေ ျှာ်လင့်ထားသည်။

သတင်း-အေအက်ဖ်ပီ

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.