နေပြည်တော်၊ မေ ၂၇
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ပြန်လည်ဖွဲ့စည်းဖို့နဲ့ ငြိမ်းချမ်းရေး ညီလာခံကျင်းပရာမှာ ပါတီပေါင်း ၉၀ ကျော်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုကို ပြန်လည်သုံးသပ်ပြီး ကျစ်ကျစ်လစ်လစ် လုပ်ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်လိုက်ပါတယ်။
“ပြောချင်တာကတော့ ၉၀ ကျော်သောနိုင်ငံရေးပါတီအားလုံး မဟုတ်ပဲနဲ့ လွှတ်တော်တစ်ခုမဟုတ် တစ်ခုမှာ အနည်းဆုံး ကိုယ်စားလှယ်တစ်ဦး ပါဝင်တဲ့ နိုင်ငံရေးပါတီများကိုသာ ငြိမ်းချမ်းရေး ညီလာခံထဲမှာ ကိုယ်စားလှယ်အဖြစ်နဲ့ ထည့်ဖို့မူကို ကျွန်မတို့ ကိုင်ဆွဲထားပါတယ်” လို့ နေပြည်တော် Horizon Lake Resort Hotel မှာ ဒီနေ့ ပြုလုပ်တဲ့ UPDJC ပြန်လည်ဖွဲ့စည်းရေး အစည်းအဝေးမှာ သူက ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ UPDJC ရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားပါတယ်။
ဒါပေမယ့် ကျန်တဲ့ပါတီတွေဟာ အရပ်ဖက်အဖွဲ့အစည်း (CSO) ဆိုတဲ့အခန်းကဏ္ဍအောက်က ပါဝင်နိုင်ဖို့ ရှိတယ်လို့လည်း သူက အသိပေးပါတယ်။ CSO တွေကိုလည်း UPDJC အဖွဲ့ဝင်တွေတက်ရောက်မယ့် ငြိမ်းချမ်းရေးညီလာခံမှာမပါဝင်ေစဘဲ ဖိုရမ်တစ်ခုစီစဉ်ပေးပြီး ပေါင်းစပ်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
“CSO တွေပါ ငြိမ်းချမ်းရေးညီလာခံထဲမှာ ထည့်လိုက်မယ်ဆိုရင် ညီလာခံကြီးက ဖောင်းပွသွားနိုင်ပါတယ်။ ကျွန်မတို့ ညီလာခံကြီးရဲ့ အဓိကလိုအပ်ချက်ကတော့ ထိထိမိမိနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်ပေးနိုင်ရေးပဲြဖစ်ပါတယ်” လို့ သူက ပြောတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ တစ်နေရာမှ အနိုင်မရထားတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကတော့ ၉၀ ကျော်သော နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို အခုထက်ပိုပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီများအစုအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့သူက “သူတို့အစိုးရအနေနဲ့ သူတို့ရဲ့ သဘောထားပေ့ါဗျာ။ ဒေါ်စုက ပြန်စဉ်းစားပေးမယ်လို့ ပြောပါတယ်” လို့ ပြောတယ်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ငြိမ်းချမ်းညီလာခံဟာ အားလုံးပါဝင်သင့်တယ်လို့ ပြောပါတယ်။ “အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိပါတယ်။ ပြီးခဲ့တဲ့ကာလက ပြည်ခိုင်ဖြိုးပါတီက ဖွဲ့တယ်။ အခုကာလမှာလည်း လက်ရှိ NLD ပါတီရဲ့ မူဝါဒအတိုင်းသွားမယ့် သဘောပေ့ါဗျာ” လို့ သူကဆိုတယ်။
၂၁ ရာစု ပင်လုံညီလာခံပြင်ဆင်ရေးကော်မတီရဲ့ အစိုးရအဖွဲ့ ကိုယ်စားလှယ်လည်းြဖစ်၊ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်လည်းြဖစ်တဲ့ ဦးဇော်ဌေးကတော့ အနိုင်ရပါတီတွေ မပါရဘူးဆိုတဲ့သဘောမဟုတ်ဘူးလို့ ရှင်းပြပါတယ်။ “အပြိုင်သွားမယ့် CSO ဖိုရမ်ဖက်က ပါလို့ရတယ်” လို့ သူက ပြောတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကနေ ငြိမ်းချမ်းရေးညီလာခံအတွက် မူဘောင်တွေချမှတ်သွားဖို့ရှိပါတယ်။ အပစ်ရပ်လက်မှတ်ထိုးပြီးသားအဖွဲ့တွေကို အခြေခံပြီး ဆွေးနွေးမှုတွေစတင်မှာ ဖြစ်ပေမယ့် ကျန်တဲ့အဖွဲ့တွေကိုလည်း ပါဝင်နိုင်ဖို့ စီစဉ်မှာပါလို့ ဆွေးနွေးပွဲက သိရပါတယ်။
UPDJC ပြန်လည်ဖွဲ့စည်းရေး ဆွေးနွေးမှုတွေဟာ ဒီနေ့ မပြီးပြတ်သေးဘဲ မေ ၂၈ ရက်နေ့မှာ ဆက်လက်ပြုလုပ်ဖို့ရှိပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း