အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NPRC) ၏ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား တာဝန်ပေးအပ်သည့် အမိန့်ကြေညာစာကို သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး၍ မကြာမီ ထုတ်ပြန်လိမ့်မည်ဟု နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇူလိုင် ၅ ရက်က ပြောကြားသည်။
“အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျန်တဲ့ကိစ္စတွေ၊ ဥပမာ ရခိုင်ကိစ္စလိုဟာမျိုးကိုလည်း ဒီစင်တာက ကိုင်တွယ်သွားမယ်။ ငြိမ်းချမ်းရေးကလည်း အစိတ်အပိုင်းတစ်ရပ် ပါမယ်” ဟု ၎င်းက ပြောသည်။
နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးအပြီး မီဒီယာတွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။
အဆိုပါစင်တာတွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ဖက်မှ ကိုယ်စားလှယ်များ ပါဝင်မည်ဟုလည်း သိရသည်။
ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ကျင်းပနိုင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နိုင်ငံတကာမှ ရရှိလာသည့် ထောက်ပံ့ကူညီငွေများကိုလည်း NPRC က ကိုင်တွယ်မည်ဟု ဦးဇော်ဌေးက အသိပေးသည်။
NPRC က ၂၁ ရာစု ပင်လုံ ကျင်းပနိုင်ရန် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ၊ လူမျိုးကို အခြေခံသည့် ဆွေးနွေးပွဲများ၊ အကြောင်းအရာကို အခြေခံသည့် ဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းများကို ကနဦး ကိုင်တွယ်ရဖွယ် ရှိနေသည်။
ထိုစင်တာအား ဖွဲ့စည်းနိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေး ကော်မတီကို သမ္မတ ဦးထင်ကျော်က မေ ၃၁ ရက်နေ့တွင် တာဝန်ပေးအပ် ဆောင်ရွက်စေခဲ့ခြင်း ဖြစ်သည်။
သတင်း-ဉာဏ်လှိုင်လင်း