ငါးနှစ်အတွင်း လမ်းမကြီးများ အဆင့်မြှင့်တင်ရန်နှင့် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် မျှော်မှန်း

နေပြည်တော်၊ ဇွန် ၇

လာမည့် ငါးနှစ်အတွင်း ရန်ကုန်မြို့ပတ်လမ်းနှင့် မန္တလး- မြစ်ကြီးနား အဝေးပြေးလမ်းမကြီးများအပါအဝင် လမ်းမရှိများ အဆင့်မြှင့်တင်မှုလုပ်ငန်းများနှင့် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မှုကို အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက မေ ျှာ်မှန်းထားသည်ဟု တာဝန်ရှိသူများက ပြောသည်။

၂၀၀၇ ခုနှစ်ကတည်းက စီမံကိန်းရေးဆွဲထားသည့် ရန်ကုန်မြို့ပတ်လမ်းကို အကောင်အထည်ဖော်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကုန်ကျမည်ဟု မျှော်မှန်းထားပြီး တောင်ကိုရီးယားနိုင်ငံမှ လော့တေး၊ ဟာနာလုပ်ငန်းစုများနှင့် အကြိုဆွေးနွေးမှုများ ပြုထားသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

“နိုင်ငံတော်ဘတ်ဂျက်နဲ့ မဟုတ်ပဲနဲ့ ပုဂ္ဂလိကနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေနေတယ်။ အားလုံးကို ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်မှာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝင် ဦးကျော်လင်းက ပြောသည်။

ထိုစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ညှိနှိုင်းမည်ဟု ၎င်းက ပြောသည်။

ထို့အတူ မန္တလေး-မြစ်ကြီးနား အမြန်လမ်းမကြီးတည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံ ယူရှင်းကုမ္ပဏီနှင့် အသေးစိတ်အချက်အလက်များ တိုင်းတာ တွက်ချက်နေကြောင်း သိရသည်။

“ရှိန်းမကားကနေ ဧရာဝတီမြစ်ကြီးနဲ့အပြိုင် အရင်တုန်းက ခရိုင်ချင်းဆက် လမ်းကြီးရှိတယ်။ အဲဒီလမ်းကြီးကို ဖြစ်နိုင်ဖွယ်ရှိမလား လေ့လာနေတယ်။ မြစ်ကြီးနားကို ဆင်ဘိုတို့ မြို့သစ်တို့ကနေဝင်မယ့် လမ်းကူကြောင်း အသစ်ဖြစ်မယ်လို့ မှန်းတယ်” ဟု ဦးကျော်လင်းက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ယနေ့ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။

နေ့စဉ် ယာဉ်စီးရေ ၅,၀၀၀ ခန့် ဖြတ်သန်းသွားလာနေပြီး ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်လေ့ရှိသည့် မန္တလေး-မူဆယ်လမ်းကိုလည်း လေးလမ်းသွားအဖြစ်တိုးချဲ့ရန် ဝန်ကြီးဌာနက စီစဉ်နေသည်။ သို့သော် အချို့နေရာများတွင် လမ်းနယ်နမိတ်တိုးချဲ့၍ မရနိုင်သည့် အကန့်အသတ်များ ရှိနေ၍ တိုးချဲ့နိုင်သည့် နေရာများကို ရွေးချယ်ဆောင်ရွက်ရန် လမ်းကန်ထရိုက် တာဝန်ယူထားသည့် Oriental Highway ကုမ္ပဏီကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကိုလည်း ရက် ၁၀၀ စီမံကိန်းအတွင်း မိုင် ၂၀ အဆင့်မြှင့်တင်နေပြီး ရေရှည်တွင်မူ လမ်းလယ်ကျွန်းများကို ပြန်လည်ပြုပြင်ခြင်း၊ ခြောက်လမ်းသွားလမ်းမအဖြစ် အဆင့်မြှင့်တင်ခြင်း၊ လမ်းတစ်လျှောက် ခြံစည်းရိုးကာရံခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ သွားလာရေးအတွက် ဆိုင်ကယ်လမ်းများ ဖောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

“ဘတ်ဂျက်ပေါ်မူတည်နေလို့ နိုင်ငံတကာ အကူအညီတွေရအောင် ညှိနှိုင်းနေပါတယ်”ဟု ဦးကျော်လင်းက ပြောသည်။

ထို့အတူ တောင်ကြီးမြို့အနီးရှိ “ဝ”တစ်လုံးတောင်၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပုံတောင်-ပုံညာတောင်တန်းများအကြား လမ်းပိုင်းများတွင် တောင်များကို ကွေ့ပတ်တတ်နေရမည့်အစား ဥမင်လှိုင်ခေါင်းဖောက်လုပ် အသုံးပြုရန်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီးတွင် ဂုတ်ထိပ်တံတားနှင့်အပြိုင် လေးလမ်းသွားကွန်ကရစ်လမ်း ဆောက်လုပ်ရန်လည်း စီစဉ်နေသည်။

“မိုးကုန်တာနဲ့ စတင်နိုင်အောင် စီစဉ်နေပြီ်။ အတတ်ပညာ၊ နည်းပညာ ကျွန်တော်တို့မှာ မရှိပါဘူး။ ဂျပန်နဲ့ ကိုရီးယားကို ချေးငွေနဲ့ နည်းပညာ၊ အတတ်ပညာ အကူအညီတောင်းပြီး လုပ်နေပါတယ် ”ဟု ဦးကျော်လင်းက ပြောသည်။

ထို့အပြင် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၈,၀၀၀ ကို နှစ်နှစ်အတွင်း အကောင်ထည်ဖော်ရန် ဝန်ကြီးဌာနက မျှော်မှန်းထားသည်။ “နေပြည်တော်မှာ လက်တွေ့ နှစ်လုံးဆောက်နေတယ်။ တန်ဖိုးနည်းအိမ်ရာ အမှန်တစ်ကယ်ဖြစ်အောင် ကုန်ကျစရိတ်စံနှုန်းရဖို့နဲ့ ကြာမြင့်ချိန်သိရအောင် လုပ်နေတာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ငါးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် အိမ်ခန်းပေါင်း ၁၈၀,၀၀၀ တည်ဆောက်ရန် မျှော်မှန်းထားသော်လည်း လတ်တလောတွင် ရန်ကုန်မြို့ရှိ မြေ ၂၃၂ ဧကကိုသာ ဝန်ကြီးဌာနက ရရှိထားသည်။

“လမ်းတို့ ရေမြောင်းတို့ စပြီးတည်ဆောက်မှာပါ။ အခြေခံကျတဲ့၊ စနစ်တကျဖြစ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေ ဖြစ်မှာပါ။ အိမ်တွေချည်းပဲ ပြွတ်သိပ်ဆောက်ထားတာမျိုးမဟုတ်ပဲ လူမှုရေးနေရာတွေ၊ ကလေးကစားကွင်းတွေ၊ ကားရပ်နားတဲ့နေရာတွေ စသဖြင့်ပေါ့ စနစ်ကျအောင် လုပ်မှာပါ” ဟု ဦးဝင်းခိုင်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာများကို ဒဂုံမြို့သစ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် တည်ဆောက်မည်ဟု ဆိုသော်လည်း မြေနေရာများကို စီးပွားရေးအရ ကြိုတင်လက်ဦးမှု ရယူကြသည့် အခြေအနေများကို ရှောင်လွှဲနိုင်ရန်ဟုဆိုကာ တာဝန်ရှိသူတို့က တိကျစွာထုတ်ဖော် ပြောဆိုခြင်းမပြုပေ။

“ဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေကို သတင်းစာတွေကတစ်ဆင့် တင်ဒါခေါ်ပြီး စက်တင်ဘာလောက်မှာ စမယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လျာထားတာကိုတော့ မြေရရှိမှုရယ်၊ ဘဏ္ဍာငွေပေါ်မူတည်ပြီး လုပ်သွားပါမယ်” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က Frontier ကို ပြောသည်။

အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ယခင်ကကဲ့သို့ စံချိန်စံညွှန်းမမီခြင်းများ မဖြစ်ပေါ်စေရန် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်နေသည်ဟု ဦးကျော်လင်းက ပြောသည်။

“အရင်စီမံကိန်းတွေလို မဖြစ်အောင် ၂၀၃၀ အထိ Master Plan ဆွဲနေပါတယ်။ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်သွားလို့ရမယ့် ရေရှည်အစီအမံတွေ လုပ်မှာပါ”ဟု ၎င်းကပြောသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar