ငါးနှစ်ကြာ ညှင်းပန်းနှိပ်စက် ခိုင်းစေခံခဲ့ရတဲ့ မိန်းကလေးငယ်တစ်ဦး

CAROLINE HENSHAW နှင့် လှလှဌေး/AFP ရေးသားသည်။

အသက် ၁၆ နှစ်အရွယ် မသန်းသန်းအိရဲ့ မျက်နှာပေါ်မှာ ကန့်လန့်ဖြတ်အမာရွတ်တွေကို တွေ့မြင်နိုင်ပါတယ်။ ဒါတွေကတော့ သူ့ကို မွေးစားခဲ့တဲ့ မိသားစုရဲ့ လက်ထဲမှာ နှိပ်စက်ခံခဲ့ရတာတွေအတွက် သက်သေတွေပဲလို့ သူက ပြောပါတယ်။ မြန်မာအစိုးရသစ်လက်ထက်မှာ ပေါ်ပေါက်လာတဲ့ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုတွေထဲက ဒါက နောက်ဆုံးတစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကုန်က သူ့ကို မွေးစားမယ့် မိသားစုထံကို သူ့အဖေက သူ့ကို ထည့်လွှတ်လိုက်တဲ့အချိန်မှာ မသန်းသန်းအိရဲ့အသက်က ကိုးနှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် သူ ၁၀ နှစ်ပြည့်တဲ့အချိန်မှာတော့ ကျွန်တစ်ယောက်သဖွယ် ဖြစ်နေပြီဖြစ်ပြီး စက်ဘီးချိန်းကြိုးနဲ့ အရိုက်ခံရတာမျိုးတွေကို ငါးနှစ်ဆက်တိုက် နေ့စဉ်နီးပါး ခံစားခဲ့ရပါတယ်။

“ကျွန်မနှုတ်ခမ်းတွေကို သံချိန်းကြိုးနဲ့ ရိုက်ကြတယ်” လို့ မသန်းသန်းအိက တောင်ဒဂုံမှာရှိတဲ့ သူ့အဒေါ်ရဲ့ နေအိမ်မှာ အေအက်ဖ်ပီကို ပြောပါတယ်။ “သူတို့က လက်တွေကို ဓားနဲ့ မွှမ်းတာမျိုးတွေအပြင် ရေနွေးနဲ့လည်း ပက်ကြသေးတယ်” လို့လည်း သူကပြောပါတယ်။

“သူတို့က ထမင်းမကျွေးတော့ ကျွန်မလည်း သူတို့မသိအောင် ယူစားရတယ်။ ဒါနဲ့ ထမင်းခိုးစားတယ်လို့ စွပ်စွဲပြီးတော့ လက်ချောင်းတွေကို ပလာယာနဲ့ ညှပ်ကြတယ်” လို့လည်း သူကပြောပါတယ်။

အခုအခါမှာ ကျေးလက်ဒေသတွေက ဆင်းရဲတဲ့မိသားစုတွေဟာ သူတို့ရဲ့ သားသမီးတွေကို ရန်ကုန်က လူလတ်တန်းစားတွေရဲ့ နေအိမ်တွေမှာ အိမ်အကူအဖြစ် လုပ်ကိုင်ကြဖို့ စေလွှတ်လေ့ရှိကြတာကြောင့် မသန်းသန်းအိလို ဇာတ်လမ်းမျိုးတွေကို ပိုမို ကြားသိလာရပါတယ်။

ဒီလို ပြဿနာတွေကို ဖြေရှင်းပေးဖို့ အစိုးရက လုပ်ဆောင်မှု နည်းနေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားကြသလို ငွေကြေးချမ်းသာပြီး အာဏာရှိတဲ့ မိသားစုတွေကို ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက မတို့ထိရဲပဲ မသိသလို ဟန်ဆောင်နေတတ်ကြတယ်လို့ ဆိုပါတယ်။

“ဒီနိုင်ငံမှာ တရားရေးစနစ်က ကျိုးပေါက်နေပြီးတော့ အင်အားနည်းတဲ့လူတွေကို ကာကွယ်ပေးမှုလည်း မရှိပါဘူး။ ကူညီပေးဖို့ တာဝန်ရှိသူတွေကလည်း မသိသလို ဟန်ဆောင်နေကြပါတယ်” လို့ Fortify Rights က အမှုဆောင်ချုပ်ဖြစ်သူ Matthew Smith က ပြောပါတယ်။

အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို နှစ်ပေါင်းများစွာ လုပ်ခလစာမပေးပဲ ခိုင်းစေ ညှင်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ အင်းဝအပ်ချုပ်ဆိုင်အမှု ပေါ်ပေါက်လာပြီးနောက်မှာတော့ မသန်းသန်းအိရဲ့ အမှုလည်း အာရုံစိုက်မှု ပြန်လည် ရရှိလာပါတယ်။

ကလေးလုပ်သားအသုံးပြုမှုမှာ ကမ္ဘာ့အဆင့် ခုနစ်နေရာမှာရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပိုမိုဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ နေထိုင်လာခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည်နာလန်ထလာအောင် ဆောင်ရွက်နေရတဲ့ အရပ်သားအစိုးရ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာတွေမှာ ဒီပြဿနာကလည်း တစ်ခုဖြစ်ပါတယ်။

အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ်တွေရဲ့ ဝင်ငွေကို မှီခိုနေရတဲ့ ဆင်းရဲတဲ့ မိသားစုတွေကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့က ရှုပ်ထွေးလှပါတယ်။

“ဒီလိုအမှုတွေကို ကျွန်တော်တို့ ပိုပြီး ရှာဖွေ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်” လို့ Human Rights Watch Asia ရဲ့ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောကြားပြီး ဥပဒေပြုသူတွေအနေနဲ့လည်း ဒီလိုကိစ္စတွေမှာ လက်ဦးမှုရယူဆောင်ရွက်ကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

မသန်းသန်းအိ နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဆီကို အကြောင်းကြားခဲ့ပေမယ့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာမရှိဘူးလို့ သူရဲ့ မိသားစုက ပြောပါတယ်။

အိမ်နီးချင်းတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ နှစ်ကြိမ်တိုင်တိုင် အကြောင်းကြားခဲ့ကြပေမယ့် နှိပ်စက်နေတဲ့ မိသားစုနဲ့ အမျိုးတော်နေတဲ့ အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

နောက်ဆုံးမှာတော့ ထိုအိမ်ကနေ မသန်းသန်းအိတစ်ယောက် ထွက်ပြေးလာခဲ့ပါတယ်။ မသန်းသန်းအိကို နှိပ်စက်ခဲ့တဲ့သူတွေကို သူ့ရဲ့ ဦးလေးဖြစ်သူ ကိုမျိုးဦးက ၂၀၁၅ ခုနှစ်၊ ဇူလိုင်မှာ လူသတ်ရန် ကြံစည်အားထုတ်မှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။

မိသားစုဝင်တစ်ယောက် ဖမ်းဆီးခံခဲ့ရပေမယ့် တစ်နှစ်ကြာတဲ့အထိ ဘာမှ ဆက်ဖြစ် မလာခဲ့ပါဘူး။ အင်းဝအပ်ချုပ်ဆိုင်အမှု ပေါ်ပေါက်လာပြီးနောက်မှာတော့ ရဲတွေက ကျန်တဲ့ မိသားစုဝင်သုံးဦးကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။

“အာဏာပိုင်တွေက အစကတည်းက ဒီလိုလုပ်ပေးခဲ့ရင် ကျွန်တော်တို့အမှုလဲ ဒီလောက် အချိန်ကြာသွားမှာ မဟုတ်ဘူး” လို့ ကိုမျိုးဦးက ပြောပါတယ်။

“ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ ကျွန်တော်သူတို့ကို မေးချင်ပါတယ်” လို့လည်း သူက မေးခွန်းထုတ်လိုက်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.