ဂျွန်ကယ်ရီနှင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးမည်

နေပြည်တော်၊ မေ ၂၂

နေပြည်တော်သို့ ယနေ့လာရောက်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ တွေ့ဆုံမည်ဟု နိုင်ငံတော်သမ္မတ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

“သူနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံပါလိမ့်မယ်။ သမ္မတနဲ့ မတွေ့ပါဘူး” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အေအက်ဖ်ပီကို ပြောကြားသည်။ သမ္မတဦးထင်ကျော်သည် ရုရှားနိုင်ငံမှ အပြန်လမ်းတွင်ပင် ရှိနေသေးသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျွန်ကယ်ရီတို့နှစ်ဦး တွေ့ဆုံရာတွင် မည့်သည့်အကြောင်းအရာများ ဆွေးနွေးရန် စီစဉ်ထားသည်ကိုလည်း ၎င်းက ပြောကြားခြင်း မရှိပေ။

ဂျွန်ကယ်ရီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော် အတိုင်ပင်ခံပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုသည် အရပ်သားအစိုးရလက်ထက်တွင် နေပြည်တော်နှင့် ဝါရှင်တန်တို့အကြားပထဆုံးအကြိမ် အဆင့်မြင့်မြင့် ဆွေးနွေးပွဲဖြစ်သည်။

ထို့ပြင် ဂျွန်ကယ်ရီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံရန် ရှိသည်ဟု သိရသည်။

၎င်း၏ နေပြည်တော်သို့ ခရီးစဉ်သည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်းခံထားရသည့် အရပ်သားအစိုးရကို ထောက်ခံရန်နှင့် ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် လာရောက်ခြင်းဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းသည် ယနေ့တွင်ပင် ဗီယက်နမ်နိုင်ငံသို့ ဆက်လက် သွားရောက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံသို့ နေ့ချင်းပြန် လာရောက်ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ယခင်အစိုးရ အာဏာရရှိပြီးနောက် ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ၎င်းသည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။

၎င်းလာရောက်ပြီးနောက် မြန်မာနိုင်ငံနှင့် သံအမတ်ကြီးအဆင့် ဆက်ဆံရေး ပြန်လည်ထူထောင်မည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်က ကြေညာခဲ့ပြီးနောက် ဒဲရစ်မစ်ချယ်သည် ၂၂ နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ ပထမဆုံး သံအမတ်ကြီး ဖြစ်လာခဲ့သည်။

ရာစုနှစ် ထက်ဝက်ခန့် စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် နေထိုင်ခဲ့ရသော မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများတွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အမေရိကန်သမ္မတဘားရတ်အိုဘားမားသည် လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်လာရောက်ခဲ့သည်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုအား အမေရိကန်က မေ ၁၇ ရက်တွင် နောက်ထပ် သက်တမ်း ၁၂ လ ထပ်တိုးလိုက်သည်။ သို့သော် နိုင်ငံပိုင်လုပ်ငန်း ခုနစ်ခုနှင့် နိုင်ငံပိုင်ဘဏ် သုံးခုကို စာရင်းမှ ပယ်ဖျက်ပေးလိုက်သလို စစ်တပ်ပိုင် ဘဏ်နှစ်ခုကိုလည်း ကင်းလွတ်ခွင့် ပြုခဲ့သည်။ ဦးထွန်းမြင့်နိုင်ဦးဆောင်သည့် အေးရှားဝေါအုပ်စုနှင့် ဆက်စပ်နေသည့် လုပ်ငန်းခြောက်ခုအား ပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းလိုက်သည်။ အမေရိကန်ဘဏ္ဍာရေးဌာန အထွေထွေ လိုင်စင် ၂၀ အရ အေးရှားဝေါ၏ ဆိပ်ကမ်းများအား ပိတ်ဆို့မှုစာရင်းမှ ကင်းလွတ်ခွင့်ပေးထားခြင်းကိုမူ သက်တမ်းတိုးပေးထားသည်။

မေ ၁၈ ရက်တွင် စတင်အသက်ဝင်သည့် အဆိုပါပိတ်ဆို့မှုအရ အမေရိကန်ဘဏ္ဍာရေးဌာန၏ ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ယခင်ကတည်းက ပါဝင်နေသည့် မြန်မာနိုင်ငံသား ၃၈ ဦးအပေါ်တွင် ပိတ်ဆို့အရေးယူမှုများ ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar