ဂျက်တိုက်လေယာဉ် သဘောတူညီချက်ကို ပြန်စဉ်စားရန် ရုရှားနှင့် မြန်မာကို အမေရိကန် တိုက်တွန်း

ရိုက်တာ

မြန်မာနိုင်ငံသို့ ရုရှားက ဂျက်တိုက်လေယာဉ်များ ရောင်းချပေးမည်ဟူသည့် သဘောတူညီချက်အား ပြန်လည်စဉ်းစားရန် မြန်မာနှင့် ရုရှားတို့ကို အမေရိကန်အစိုးရက တိုက်တွန်းလိုက်သည်။

ရုရှားက Su-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ခြောက်စီးကို မြန်မာနိုင်ငံသို့ ရောင်းချပေးမည်ဟု မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားကာ ရုရှားသတင်းဌာနများက ပြီးခဲ့သည့်ရက်ပိုင်းတွင် ရေးသားခဲ့ကြသည်။

“မြန်မာ့လေတပ်ကို ရုရှားက Su-30 တိုက်လေယာဉ်တွေ ရောင်းချဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ စိတ်မသက်မသာဖြစ်ဖွယ် သတင်းတွေကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heather Nauert က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒီသတင်းတွေက အကယ်လို့ သေချာတယ်ဆိုရင် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်တပ်တွေကို ရုရှားက လက်နက်တွေ ဆက်လက် တပ်ဆင်ပေးနေတယ်ဆိုတာနဲ့ ပတ်သက်တဲ့ နောက်ထပ် သတိပေးချက်တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လူနည်းစု ရိုဟင်ဂျာမူဆလင်များအပေါ် မြန်မာစစ်တပ်၏ ပြုမူပုံကို ရည်ညွှန်းပြီး Nauert က ပြောကြားခြင်းဖြစ်သည်။ ထိုဖြစ်ရပ်များကြောင့် လူပေါင်း ၆၈၀,၀၀၀ မှာ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

“မြန်မာနိုင်ငံက အကြပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို လိုလားတယ်လို့ ရုရှားဖက်ဒရေးရှင်းက ပြောနေချိန်မှာပဲ အဆင့်မြင့် စစ်ဘက်ဆိုင်ရာနည်းပညာကို ရောင်းချမယ်ဆိုတဲ့သတင်းက မှန်ကန်ခဲ့မယ်ဆိုရင်တော့ တစ်နည်းတစ်ဖုံ ပြသနေတာပါပဲ” ဟု ၎င်းကပြောသည်။

“စစ်လက်နက်တွေ ဆက်လက် စုဆောင်းနေတာကို ရပ်တန့်ပြီး အကြပ်အတည်းအတွက် တည်တံ့တဲ့ အဖြေရှာဖို့နဲ့ တည်ငြိမ်အေးချမ်းရေး ရရှိဖို့ သူတို့ရဲ့ ကြိုးပမ်းမှုတွေမှာ ပြည့်ပြည့်ဝဝဆောင်ရွက်ဖို့ ရုရှားနဲ့ မြန်မာအစိုးရတွေကို ကျွန်မတို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုကို တုန့်ပြန်သည့်အနေဖြင့် ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်က စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့မှုကြောင့် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုများ ဆိုင်းငံ့ထားရန် အမေရိကန်ပြည်ထောင်စုက နိုင်ငံများကို တိုက်တွန်းခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar