ခွဲထွက်မရဆိုသည့်မူ မချနိုင်သဖြင့် ၂၁ ရာစုပင်လုံတွင် နိုင်ငံရေး ရလဒ်ကောင်းနည်းသွားပြီ

နေပြည်တော်၊ မေ ၂၉

ကျင်းပရက် တစ်ရက်ထပ်တိုးပြီးညှိနှိုင်းနေရသည့် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် “ပြည်ထောင်စုမှ ခွဲမထွက်ရ” ဟူသည့် အခြေခံမူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းမှုမပြေလည်သဖြင့် နိုင်ငံရေးကဏ္ဍ၌ ရလဒ်ကောင်းထွက်မှု နည်းပါးသွားပြီဖြစ်သည်။

ညီလာခံကို နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ(MICC) ၂ တွင် မေ ၂၄ ရက်နေ့မှ ငါးရက်တိုင် ကျင်းပရန် မူလစီစဉ်ထားသော်လည်း နိုင်ငံရေးဆိုင်ရာကဏ္ဍဆွေးနွေးမှုများမှာ မေ ၂၇ ရက်နေ့ကတည်းက ပြေလည်မှုမရခဲ့၍ တစ်ရက်တိုးကျင်းပခဲ့ရသည်။

သို့သော် ညီလာခံနောက်ဆုံးရက်ဖြစ်သည့် တင်သွင်းဆုံးဖြတ်ရမည့် အချက်များကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အပစ်ရပ်စဲရေးစာချုပ် (NCA) ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့၊ နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့စုံနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)တွင် မေ ၂၇ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ ထပ်မံညှိနှိုင်းကြသော်လည်း ပြေလည်မှု မရခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးကဏ္ဍမှာ ၂၁ ချက်ရှိရာက သဘောတူညီချက်ဆုံးဖြတ်ချက်ရတာ ၁၂ ချက်ရှိပါတယ်။ တစ်ခုရှိတာတော့ ပြည်သူတွေ မျှော်လင့်နေတဲ့ ရလဒ်ကောင်း နည်းပါးပါလိမ့်မယ်။ အထူးသဖြင့် အငြင်းပွားမှုဖြစ်ခဲ့တယ်။ သဘောတူညီချက် မရတာက ပြည်နယ်တွေရဲ့ ခွဲထွက်ခွင့်ကိစ္စဖြစ်ပါတယ်” ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကို ပြောသည်။

ဦးဇော်ဌေး၏ ပြောကြားချက်အရ ခွဲမထွက်ရဆိုသည့် အခြေခံမူဝါဒကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖက်က သဘောမတူခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ခွဲမထွက်ရမူဝါဒကို ပါတီအနေဖြင့် ကန့်ကွက်ထားသည့် UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက် အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်ကလည်း ၎င်းကို ညီလာခံ၌ ထည့်သွင်းမဆုံးဖြတ်တော့ခြင်းကို ထောက်ခံကြောင်းပြောသည်။

“NCA မှာ ဒို့တာဝန်အရေးသုံးပါးပေ့ါဗျာ၊ ပြည်ထောင်စုမပြိုကွဲရေးဆိုတာ ပါပြီးသားပဲ။ ဒါကို အားလုံးလည်း လက်ခံထားပြီးသား ဖြစ်တယ်။ ဒီစကားကလည်း အငြင်းပွားစရာ အရမ်းဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်း (ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တပ်မတော်) တာလည်း ဒီစကားလုံးကြောင့်ဖြစ်တယ်။ ဒါကြောင့် ဒီအကြောင်း မဆွေးနွေးကြရင ်ပိုကောင်းတယ်လို့ ကျွန်တော်တို့ အနေနဲ့တင်ပြတာဖြစ်တယ်”လို့ ဦးစိုင်းကျော်ညွန့် ကဆိုသည်။

ထို့ကြောင့် ယနေ့အချိန်တွင် ယခုကဲ့သို့ ပြည်ထောင်စုမှခွဲမထွက်ရဆိုသည့် အခြေခံမူဝါဒချမှတ်ရန် ငြင်းပယ်ခြင်းသည် ပြည်ထောင်စုမပြိုကွဲရန်ဟူသော အကြောင်းပြချက်ဖြင့် နှစ်ပေါင်းများစွာ နိုင်ငံတော်အာဏာရယူခဲ့သည့် တပ်မတော်၏ စိုးရိမ်ပူပန်မှုကို မှန်ကန်ကြောင်း သက်သေပြသကဲ့သို့ဖြစ်နေမည်ဟု ထင်မြင်ပါသလားဟု Frontier က မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းကို ဦးစိုင်းကျော်ညွန့်က “ အဲဒီလိုမဖြစ်ပါဘူးခင်ဗျ။ ဒီစကားလုံးကို သုံးကို သုံးစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခွင့်အရေးကို ကျွန်တော်တို့ ဘယ်တုန်းကမှ တောင်းဆိုခဲ့တာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံ (ခွဲထွက်နိုင်သည့် အခွင့်အရေးပါဝင်သည့် ၁၉၄၇ အခြေခံဥပဒေ) ထဲမှာ တရားဝင် ရေးထားတဲ့အချိန်တုန်းကလည်း တောင်းဆိုခဲ့တာမဟုတ်ပါဘူး။ အဲဒါကို နားလည်ဖို့လိုပါတယ်”ဟု ပြောသည်။

“ပြည်ထောင်စုတည်ဆောက်တဲ့နေရာမှာ စကားလုံးတွေနဲ့ တည်ဆောက်လို့မရပါဘူး။ ရင်ထဲက ခံစားချက်နဲ့ တည်ဆောက်ရတာပါ” ဟု ဦးစိုင်းကျော်ညွှန့်က ဆက်ပြောသည်။

အထက်ပါ အခြေခံမူဝါဒကို ထည့်သွင်းရန်မသင့်ဟူသောမူကို လက်ခံထားသည့် UPDJC အဖွဲ့ဝင် ရခိုင်အမျိုး သားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း “ခွဲမထွက်ရဆိုတဲ့ အသုံးအနှုန်းဟာအမိန့်ပေးသံပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ စာပုဒ်ဖြစ်တယ်။ ဒါကြီးကို မေ့ပျောက်သင့်တယ် မထည့်သင့်တော့ဘူး”ဟု Frontier ကို ပြောသည်။

ခွဲမထွက်ရဟူသည့် စကားလုံးအစား စည်းနှောင်မှုရှိပြီး ခေတ်ကာလနှင့်လျော်ညီသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန်သာ အလိုရှိသည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်းမုန်းကမူ မခွဲထွက်ရဟူသည့်မူကို လက်မခံခြင်းမဟုတ်ဘဲ ယင်းစကားရပ်ရှေ့တွင် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးရနေလျှင်”ကဲ့သို့သော အညွှန်းစကားလုံးမျိုးထည့်ရန် တိုင်းရင်းသားများဖက်မှ အလိုရှိနေခြင်းဟုပြောသည်။

“သမိုင်းမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ချဖို့ဆိုရင် လူထုဆန္ဒမပါဘဲနဲ့ ကျွန်တော်တို့မှာ လုပ်ဖို့ အခက်အခဲ ရှိတယ်။ ဘယ်သူမှ မခွဲထွက်ချင်ဘူး။ ဘယ်သူမှလည်း ခွဲထွက်ရေးကို မတောင်းဆိုဘူး။ သို့သော် အရေးကြီးတဲ့ကိစ္စမျိုးမှာ တစ်စုတစ်ဖွဲ့အမြင် ခေါင်းဆောင်တစ်ဦးရဲ့ အမြင်နဲ့မဟုတ်ဘဲနဲ့ လူထုဆန္ဒနဲ့လုပ်လိုက်ရင် ခိုင်မာမယ်လို့ အများစုက မြင်တဲ့အတွက်ဖြစ်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်းမုန်းက ရှင်းပြသည်။

ဒေါက်တာဆလိုင်းက နောင်ခြောက်လအကြာတွင် ကျင်းပမည့် တတိယ ညီလာခံမတိုင်မီ ဒေသအသီးသီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး ၎င်းကိစ္စကို အများပြည်နှင့် ဆွေးနွေးဆုံးဖြတ်လိုသည်ဟူသော သဘော ပြောကြားခြင်းဖြစ်သည်။

၎င်းအချက် မပြေလည်၍ နိုင်ငံရေးကဏ္ဍဆွေးနွေးမှုများ ရပ်တန့်သွားခြင်းကို မည်သို့ဖြေရှင်းရန်ရှိသနည်းဟူသော Frontier ၏ မေးခွန်းကိုမူ နှစ်ဖက်စိုးရိမ်စိတ်များ ပြေပျောက်ရန် အချိန်ယူဖို့လိုသည်ဟု ဦးစိုင်းကျော်ညွန့်နှင့် ဒေါက်တာအေးမောင်နှစ်ဦး နှစ်ဦးလုံးက ဖြေကြားသည်။

လက်ရှိ ညီလာခံသို့ တင်သွင်းလာသည့်အချက်များမှာ မေ ၁၂ ရက်နေ့က UPDJC အစည်းအဝေးမှာ အတည်ပြုထားခြင်း ဖြစ်သော်လည်း ယခုအမှန်တကယ်ဆွေးနွေးဆုံးဖြတ်ရမည့် အချိန်အရောက်တွင် အချက်အချို့အပေါ် ပြေလည်မှု မရသေးခြင်းဖြစ်သည်။

UPDJC တာဝန်ရှိသူတို့ကမူ ယင်းသည် လက်ညှိုးထောင်ခေါင်းငြိမ့် ညီလာခံကြီးမဟုတ်ဟူသောအချက်ကို ပြဆိုခြင်း ဖြစ်သည်ဟု ပြောကြသည်။

မူလက နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်ကြီး ၆ ခုအောက်မှ အချက်ပေါင်း ၂၁ ချက်၊ စီးပွားရေးကဏ္ဍခေါင်းစဉ်ကြီး ၇ ခုအောက်မှာ အချက်ပေါင်း ၁၀ ချက်၊ လူမှုရေးကဏ္ဍ ခေါင်းစဉ်ကြီးအောက်မှာ အချက်ပေါင်း ၄ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ခေါင်းစဉ်ကြီးအောက်မှာ အချက်ပေါင်း ၆ ချက်၊ အခြေခံမူဝါဒ စုစုပေါင်း ၄၁ ချက်ချမှတ်ရန် စီစဉ်ထားသော်လည်း မနက်ဖြန်တွင် နိုင်ငံရေးကဏ္ဍမှ ၁၂ ချက်၊ စီးပွားရေးမှ ၁၁ ချက်၊ လူမှုရေး ၄ ချက်နှင့် မြေယာ ၁၀ ချက်၊ စုစုပေါင်း ၃၇ ချက်ကို အတည်ပြုခဲ့ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းများအဖြစ် ညီလာခံတွင်ပါဝင်သော အစုအဖွဲ့ခေါင်းဆောင်များက လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar