ချောက်ကမ်းပါးစွန်းပေါ်က ရခိုင်ပြည်

ရက်ထူးရက်မြတ်ဖြစ်သော ဇန်နဝါရီ ၄ ရက်တွင်  နိုင်ငံတဝန်း၏လမ်းများပေါ်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကျင်းပနေကြစဉ်တွင် ရခိုင်ပြည်နယ်တွင်မူ ကွဲပြားခြားနားသော နှစ်ပတ်လည်အဖြစ် တိတ်ဆိတ်ငြိမ်သက်နေသည်။ 

လွန်ခဲ့သောနှစ် ဒီလိုအချိန်က AA သည် ရဲစခန်း လေးခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၁၃) ဦး ကျဆုံးခဲ့ရသည်။ ထိုတိုက်ခိုက်မှုနောက်ဆက်တွဲအဖြစ် သွေးထွက်သံယို တိုက်ပွဲများကို ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တွေ့မြင်ခဲ့ကြရသည်။ လက်နက်ငယ်များ၊ လက်နက်ကြီးများ၊ မြေမြှုပ်မိုင်းများကြောင့် အရပ်သား (၁၀၀) ကျော် အသက်ဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ရာပေါင်းများစွာ ရှိခဲ့သည်။ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ ခန့်မှန်းတွက်ချက်မှုအရ လူတစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ကြရပြီဟုဆိုသည်။
အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်ကတော့ ဤကိန်းဂဏန်း၏ တစ်ဝက်သာ ရှိသည်။ တကယ့်အမှန်အရေအတွက်မှာ ထိုကိန်းဂဏန်း နှစ်ခုအကြား တစ်နေရာရာတွင် ဖြစ်မည်ဟုဆိုလျင်သော်မှ ဤမျှအရေအတွက် နေအိမ်စွန့်၍ ထွက်ပြေးနေကြရသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းပေသည်။ 
ရခိုင်ပြည်နယ်မှာ (၂၀၁၆-၁၇) တွင် ASRA အကြမ်းဖက်တိုက်ခိုက်မှုနှင့် တပ်မတော်နယ်မြေရှင်းလင်းရေးများနှင့်ပင် ဒယီးဒယိုင်ဖြစ်နေခဲ့ပါပြီ။ ဒီကြားထဲတွင် AA တို့နှင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာပြန်ရာ ရခိုင်ပြည်မှာ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်နေရပြီ။ ရှေ့အလားအလာမှာလည်း မကောင်းလှပါ။ AA အဖွဲ့သည် ရေရှည်တိုက်နိုင်မည် မဟုတ်ပါဟုစောစောပိုင်းက တွေးထင်ခဲ့ကြသော်လည်း AA တို့သည် ထူးထူးခြားခြားခံနိုင်ရည်ရှိနေကြပြီး တိုက်ပွဲတွေကလည်း ပျံ့နှံ့လာသည်။ မကြာသေးမီက ခရစ်စမတ်နေ့ကပင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် တိုက်ခိုက်မှုဖြစ်ခဲ့သေးသည်။ AA တို့မှာ တပ်သားသစ်များစုဆောင်းရရှိနေပြီး ၎င်းတပ်ဖွဲ့များကို လက်နက်နှင့် ရိက္ခာတို့ကို ဆက်လက်ဖြည့်တင်း ထောက်ပံ့ပေးနေနိုင်ပုံရပါသည်။
ရခိုင်လူထုများ၏ ထောက်ခံမှုကြောင့် ဤမျှအောင်မြင်မှုရနေခြင်းဖြစ်သည်။ အစိုးရနှင့် တပ်မတော်က AA နှင့် ဆက်သွယ်သည်ဟု သံသယရှိသူများကို ဖမ်းဆီးသည်။ ပြောင်းရွေ့နေထိုင်သူများ၏ စခန်းများသို့ ထောက်ပံ့ရာလမ်းကြောင်းကို ဖြတ်တောက်သည်။ မိုဘိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးကို ဖြတ်သည်။ အရပ်ဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ကန့်သတ်သည်။ ဤလုပ်ဆောင်မှုများကြောင့် အရပ်သားများ၏ ဆန့်ကျင်မှုကို ပိုခံရပြီး ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုဖြစ်စေပုံရပါသည်။ 
မကြာသေးမီလများအတွင်း AA ခေါင်းဆောင်များ၏ ဆွေမျိုးသားချင်းများအပါအဝင် အရပ်သားများအားဖမ်းဆီးမှု ပိုမိုပြုလုပ်လာသည်။ AA တို့ကလည်း အရပ်သားများ အစိုးရဝန်ထမ်းများနှင့် စစ်သားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းဖြင့် တုံ့ပြန်သည်။ အချို့ကိုတော့ နောက်ပိုင်းတွင် ပြန်လွှတ်ပေးသည်။ ပဋိပက္ခမြင့်တက်နေသော်လည်း ရခိုင်နှင့် ၎င်း၏အိမ်နီးချင်းဖြစ်သော ချင်းပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် အရပ်သားများခံစားနေရသော ဆင်းရဲဒုက္ခများကို မြန်မာနိုင်ငံပြင်ပမှ သိပ်မသိရှိကြပေ။ ရိုဟင်ဂျာ အကြပ်အတည်းကိုသာလျင် အာရုံစိုက်နေကြသည်။ သို့သော် ထိုနှစ်ခုမှာ မတူကွဲပြားပြီး သီးခြားလက္ခဏာရှိကြသည်။ AA နှင့် တပ်မတော်အကြား လက်နက်ကိုင် ပဋိပက္ခဆက်လက်ဖြစ်ပေါ်နေစဉ်တွင် ဒုက္ခသည်များ ပြန်လာရေးအလားအလာမှာ မှေးမှိန်နေဦးမည်သာဖြစ်သည်။ ASRA နှင့် AA တို့ကိုယ်စားပြုလုပ်သော လူထုနှစ်ရပ်စလုံးသည် နေပြည်တော်အပေါ် မကျေနပ်ချင်းကတော့ တူညီကြသည်။ AA တို့ အဆုံးအရှုံးများအောင် လုပ်နိုင်ခဲ့သော်လည်း တပ်မတော်သည် စစ်မြေပြင်တွင် AA ကို အပြတ်နှိမ်နင်းနိုင်ပုံမရချေ။ တွေ့ဆုံဆွေးနွေးရေး စားပွဲသို့ ရောက်လာအောင်ပင် လုပ်ဆောင်နိုင်ပုံမရသေးချေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ အဆုံးမသတ်နိုင်ရသေးခြင်းအကြောင်းမှာ ယနေ့ထက်တိုင် အမြင်ကျဉ်းမြောင်းနေဆဲ၊ အတ္တကို ရှေ့တန်းတင်နေဆဲဖြစ်သည့် လက်နက်ကိုင်အဖွဲ့အစည်းအချို့က ခေါင်းဆောင်များသည် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ငြိမ်းချမ်းစွာ ဆောင်ရွက်ရမည့်အစား နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားစေပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုမရှိအောင် လုပ်ဆောင်နေမှုများ၊ နိုင်ငံတော်၏ အကျိုးစီးပွားကို အကြမ်းဖက် လုပ်ရပ်များနှင့် ထိပါး နှောင့်ယှက်မှုများအပြင် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်နည်းပါးမှုများကြောင့် မလွဲမရှောင်သာဘဲ စစ်ရေးနည်းအရ ရင်ဆိုင်ဖြေရှင်းမှုများ ရှိနေဆဲဖြစ်ကြောင်း ပြောပါသည်။ ဤချည်းကပ်မှုသည် နောက်ထပ် ပျက်ဆီးရှုံးဆုံးမှုကိုသာ ဖြစ်စေပါမည်။ နှစ်ဖက်စလုံးသည် အန္တရာယ်ချောက်ကမ်းပါးမှ နောက်ဆုတ်ကြဖို့ လိုပါသည်။ 
ပထမအဆင့်အနေဖြင့် အစိုးရနှင့် တပ်မတော်သည် အရပ်သားများအပေါ် ပြင်းထန်သော အရေးယူလုပ်ဆောင်မှုများကို ရပ်သင့်ပါသည်။ AA ကလည်း ဖမ်းဆီးခေါ်ဆောင်မှုများကို ရှောင်ကြဉ်ပြီး ဖမ်းထားသူများကိုလည်း အမြန်ပြန်လွှတ်ပေးသင့်ပါသည်။ နှစ်ဖက်စလုံးက လက်တွေ့မဆန်သော တောင်းဆိုမှုများကို မပြုလုပ်ဘဲ နောက်ထပ်တိုက်ခိုက်မှုမှ ရှောင်ကြဉ်ရပါမည်။ ပဋိပက္ခအဆုံးသတ်မှုဆီသို့ ဦးတည်သည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများကို စတင်လုပ်သင့်ကြပါသည်။ 
၂၀၁၉ ခု ဇန်နဝါရီက AA ၏ တိုက်ခိုက်မှုသည် အကြောင်းမဲ့ပေါ်ပေါက်လာရသည်မဟုတ်။ ကာလကြာရှည်စွာသော နစ်နာမှု၊ မကျေနပ်မှုများမှလည်းကောင်း၊ ရခိုင်ပြည်နယ်၏ နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်ကို ဖမ်းဆီးပြီး ထောင်ချလိုက်သော လတ်တလောအကြောင်း ကြောင့်လည်းကောင်း ပေါ်ထွက်လာရခြင်ဖြစ်သည်ဆိုသည်ကို အစိုးရနှင့် စစ်တပ်က အသိအမှတ်ပြုဖို့လိုပါသည်။ ကာလကြာရှည်စွာ စိတ်ပျက်အားလျော့နေခဲ့ကြရာမှ ရွေးကောက်ပွဲ နိုင်ငံရေးအပေါ် ရခိုင်တို့ထားရှိသော မျှော်လင့်ချက်မှာ ဒေါက်တာအေးမောင်ကို ထောင်ချလိုက်ခြင်းကြောင့် အဆုံးသတ်သွားခဲ့သည်။ 
ဒီနှစ်ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲသည် မီးတောက်တစ်ခုဖြစ်လာနိုင်သည်မှန်သော်လည်း အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါသည်။ လွှတ်တော်တွင် ကိုယ်စားပြုခွင့်နှင့် ဆန္ဒမဲများ၏ အင်အားအပေါ် အငြင်းပွားမှုပြဿနာဖြေရှင်းရာတွင် နည်းလမ်းတစ်ခုအဖြစ် ယုံကြည်မှု ပြန်လည်ရရှိလာစေရန် ယခုလာမည့်ရွေးကောက်ပွဲက အခွင့်ကောင်းတစ်ခုဖြစ်ပါသည်။ နေပြည်တော်မှသမ္မတသည် ပါတီအရေးထက် အေးချမ်းသော ရွေးကောက်ပွဲများနှင့် ရခိုင်ပြည်နယ်လူထု၏ ဆန္ဒကို ထင်ဟပ်သော ဒေသဆိုင်ရာ အုပ်ချုပ်ရေးများကိုမျှော်ကြည့်ခြင်းက ငြိမ်းချမ်းရေး ပြန်လည်ရယူရာတွင် များစွာခရီးရောက်ပါလိမ့်မည်ဟု ယူဆပါသည်။ 

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.