ချင်းပြည်နယ်ဝန်ကြီးတစ်ဦး ရာထူးမှ ဆန္ဒအလျောက် နုတ်ထွက်

ချင်းပြည်နယ် အစိုးရအဖွဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်ကို ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုးထားသည့် အမိန့်ကို သမ္မတရုံးက မေ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ထိုသို့ နုတ်ထွက်ခဲ့ခြင်းမှာ ၎င်း၏ ကွပ်ကဲမှုအောက်ရှိလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုပြုသည့်အနေဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆလိုင်းအိုင်ဇက်ခင်က ပြောကြားသည်။

ဟားခါး မြို့ပြစီမံကိန်း၊ ဟားခါးဈေး တည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အတွက် သက်ဆိုင်ရာ ပြည်သူလူထုတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်ဟု ၎င်းက လူမှုကွန်ယက်ပေါ်တွင် ရေးသားထားသည်။

ထို့ကြောင့် တာဝန်ယူ၊ တာဝန်ခံမှု ပြုသည့်အနေဖြင့် ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ပြီး၊ မေ ၁၇ ရက်နေ့တွင် သမ္မတက တရားဝင်ခွင့်ပြုပေးလိုက်သည်ဟုလည်း ဆက်လက်ရေးသားထားသည်။

“မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် နှစ်နှစ်တာ ကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက် ရိုးသားမှန်ကန် သန့်ရှင်းဖြောင့်မတ်စွာ ကြိုးစား ထမ်းရွက်ခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးကို အခြေခံပြီး မိမိကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုး ရှိခဲ့မယ်ဆိုရင်လည်း မိမိရဲ့ အားနည်းချက်တွေပဲဖြစ်လို့ နားလည်ခွင့်လွတ်ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ဆလိုင်းအိုင်ဇက်ခင်က ဆက်လက်ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar