ချင်းဒုက္ခသည်တွေ ချင်းပြည်နယ်ကို ပြန်လာရတော့မှာလား

ဆလိုင်းဟုန်းထွန်းဂေ / Chin World Media ရေးသားသည်။

မြန်မာနိုင်ငံကနေ ပြည်ပကို ရောက်ရှိနေကြတဲ့ ချင်းလူမျိုး ဒုက္ခသည်တွေကို အကူအညီပေးမှုတွေကို ရပ်ဆိုင်းလိုက်တယ်ဆိုပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန်လထဲမှာ ကြေညာလိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ချင်းလူမျိုးတွေအကြား ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပါတယ်။

လက်ရှိအချိန်မှာ ချင်းပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းနေတဲ့ အခြေအနေတွေ ရှိနေပြီဖြစ်တဲ့အတွက် ချင်းလူမျိုးတွေကို အကာအကွယ်ပေးဖို့ မလိုအပ်တော့ဘူးလို့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။

“နိုင်ငံတကာ အကာအကွယ်ရရှိဖို့ မလိုအပ်တော့ဘူးလို့ အကဲဖြတ်ထားတဲ့ မြန်မာနိုင်ငံက ချင်းလူမျိုးတွေအတွက် ဒုက္ခသည်အဆင့်ကနေ တစ်ဦးချင်းရပ်နားတဲ့ လုပ်ငန်းစဉ်ကို စတင်မည်ဖြစ်သည်” ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ သတင်းစကားတစ်ခုမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်ကတ်ကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေကြတဲ့ ချင်းလူမျိုတွေကို တစ်ဦးချင်း ဆွေးနွေးလမ်းညွှန်မှု ပြုလုပ်မှာဖြစ်ပြီး ရွေးချယ်စရာနှစ်ခုကို ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ တစ်ခုကတော့ သူတို့ရဲ့ ဒုက္ခသည်ကတ်တွေကို ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာအထိပဲ သက်တမ်းတိုးပေးမှာဖြစ်ပြီး အဲဒီနောက် သက်တမ်းတိုးပေးမှာမဟုတ်ပါဘူး။ ဒုတိယတစ်ခုကတော့ အကာအကွယ် လိုအပ်သေးတယ်လို့ သူတို့က ယူဆပါက အင်တာဗျူးတစ်ခုလုပ်ပြီး ဒုက္ခသည်အဆင့်ကို အတည်ပြုတဲ့ စာတစ်စောင်ကို UNHCR က ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်မှုက UNHCR မှာ မှတ်ပုံတင်ထားပြီး မလေးရှားမှာ နေထိုင်တဲ့ ချင်းလူမျိုး ဒုက္ခသည် ၃ဝ,ဝဝဝ ခန့်နဲ့ အိန္ဒိယမှာနေထိုင်တဲ့ ချင်းလူမျိုး ၃,ဝဝဝ ခန့်အပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

ဒိုင်လူမျိုးစု လူမှုရေးအသင်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆလိုင်းအောင်လိန်းက ဒီဆုံးဖြတ်ချက်ဟာ UNHCR အနေနဲ့ တာဝန်မဲ့စွာ ပစ်ပယ်လိုက်တာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ဘူး။ မကိုက်တာက နံပတ်တစ်အနေနဲ့ သူတို့ကို အကာအကွယ် မပေးလိုက်တော့တာနဲ့ သူတို့ဟာ နှစ်ဖက်လုံး မလုံခြုံတော့ဘူး။ UNHCR က အကာအကွယ် မပေးတော့တဲ့အတွက် သူတို့ဟာ မလေးရှားမှာ တရားမဝင် ဖြစ်သွားမယ်။ သူတို့ အဖမ်းခံရမယ်။ နံပါတ်နှစ်အနေနဲ့ သူတို့အနေနဲ့ မြန်မာပြည်ပြန်လာပြီးရင်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်တော့ မြန်မာပြည်ဥပဒေနဲ့ ပြန်ညိတော့မှာဖြစ်တယ်” လို့ သူကပြောပါတယ်။

ဒါပေမယ့် အဲဒီလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ချက် မချမှတ်ရသေးဘဲ ပြန်လည်သုံးသပ်မှု ပြုလုပ်နေတယ်လို့ UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။ ချင်းပြည်နယ်က ပြောင်းလဲလာမှုတွေကြောင့် နိုင်ငံရေး၊ လူမှုရေးနဲ့ လုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေကို အခြေခံတဲ့ နိုင်ငံတကာ အကာအကွယ်ပေးမှုကို ပြန်လည်သုံးသပ်ဖို့ ၂ဝ၁၈ ခုနှစ်၊ အစောပိုင်းမှာ UNHCR က ဆုံးဖြတ်ခဲ့တယ်လို့ သူကပြောပါတယ်။

“ဒုက္ခသည်တွေရဲ့ လွတ်လပ်ခွင့်နဲ့ အချက်အလက်တွေကို သိရှိ ရွေးချယ်မှုအပေါ် အခြေခံပြီးတော့ ချင်းဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ရေး ဖြစ်နိုင်ခြေအတွက် UNHCR က ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေအတွက် ပြန်လာရေးနဲ့ ပြန်လည်ပေါင်းစည်းရေးကို စနစ်တကျ လုပ်ဆောင်ပေးနေသကဲ့သို့ ပြန်လိုတဲ့ ဒုက္ခသည်တွေအတွက် လွယ်ကူချောမောအောင် UNHCR လုပ်ဆောင်ပေးမှာဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။