ခိုင်မာစွာ သက်သေမပြနိုင်သည့် ဖြစ်ရပ်များကို ကုလ အစီရင်ခံစာထဲ၌ အခြေခံထားဟု မြန်မာပြော

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွင် “ခိုင်ခိုင်မာမာ သက်သေမပြနိုင်သည့် ဖြစ်ရပ်ဇာတ်ကြောင်းများကို အခြေခံထား” တယ်လို့ မြန်မာအစိုးရက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၇ ခုနှစ်၊ မတ်လမှာ ဖွဲ့စည်းပေးခဲ့တဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင်အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ “မြန်မာ့တပ်မတော် အမိန့်ပေးသည့် အဆင့်ဆင့်မှ အဆင့်မြင့် အရာရှိကြီးများအား စုံစမ်းစစ်ဆေးရန်နှင့် အပြစ်ပေးရေးအတွက် အခွင့်အာဏာပေးအပ်ရန် လုံလောက်သည့် သတင်းအချက် ရှိနေသည်” လို့ ဖော်ပြထားပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက လူမျိုးသုန်း ဆောင်ရွက်မှုတွေအပြင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေက လူသားချင်းစာနာမှုဆိုင်ရာ မှုခင်းတွေအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော် ထိပ်တန် းဗိုလ်ချုပ်ကြီးတွေကို စစ်ဆေး အပြစ်ပေးရမှာ ဖြစ်ပါတယ်” လို့ ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားတဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က သြဂုတ် ၂၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၈ ရက်နေ့က မိန့်ခွန်းပြောကြားချိန်မှာတော့ ဒီအစီရင်ခံစာကို ငြင်းဆန်ခဲ့ပါတယ်။

“မြေပြင်အခြေအနေမှာ လူှုမှုအသိုက်အဝန်းများအကြား သဟဇာတရှိစေဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းနေကြချိန်မှာပဲ ခိုင်ခိုင်မာမာသက်သေမပြနိုင်တဲ့ ဖြစ်ရပ်ဇာတ်ကြောင်းတွေကို အခြေခံထားတဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းဟာ တင်းမာမှုတွေကို ဆက်လက်ဖြစ်ပေါ်စေပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုက်အဝန်းများအကြား အလွန်လိုအပ်လျှက်ရှိတဲ့ လူမှုပေါင်းစည်းနေထိုင်မှု တည်ဆောက်ရေးအတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေမှာကို စိုးရိမ်မိပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ အဆိုပါအဖွဲ့ စတင်ဖွဲ့စည်းချိန်ကတည်းက ကန့်ကွက်ခဲ့သလို အစီရင်ခံစာနဲ့ ပတ်သက်ပြီးလည်း အလွန်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ) ရဲ့ မကြာသေးမီက ဆုံးဖြတ်ချက်ကိုလည်း ဦးကျော်တင့်ဆွေက ပယ်ချခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် အိုင်စီစီက ကနဦးစုံစမ်းမှုတွေ စတင်ဆောင်ရွက်တော့မယ်လို့ ခုံရုံးရဲ့ ရှေ့နေချုပ် Ms Fatou Bensouda က စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံကို လူပေါင်း ခုနစ်သိန်းလောက် ထွက်ပြေးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်စစ်ဆေးမှု အပြည့်အဝ ဆက်လက်လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေ ရှိမရှိ ဆိုတာကို အိုင်စီစီက စစ်ဆေးမှာ ဖြစ်ပါတယ်။

ဦးကျော်တင့်ဆွေကတော့ မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် တရားရုံးအနေနဲ့ မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

“ယခုဆုံးဖြတ်ချက်ဟာ တရားရုံးရဲ့ လူမှုကျင့်ဝတ်နဲ့ ဥပဒေဆိုင်ရာအခွင့်အာဏာကို ယိုယွင်းပျက်စီးစေရာ ရောက်ပါတယ်”လို့ သူက ပြောပါတယ်။

“ကျွန်တော်ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောကြားလိုတာကတော့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံးရဲ့ ယခုလိုဥပဒေကြောင်းအရ သံသယဖြစ်ဖွယ် ဝင်ရောက်စွက်ဖက်မှုကို မြန်မာအစိုးရက လက်ခံနိုင်မှာ မဟုတ်သော်လည်း ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် လုံလောက်တဲ့ အထောက်အထားရှိမယ်ဆိုရင် တာဝန်ခံမှု ရှိစေဖို့အတွက် ကျွန်တော်တို့ အပြည့်အဝ ကတိကဝတ်ပြုပါတယ်”လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar