ခက်တာကိုမှ ဖြစ်အောင်လုပ်ချင်တဲ့ ဆယ်ကျော်သက် မသန်စွမ်း ဘောလုံးသမားလေး

ခက်ခဲသည့်အရာတစ်ခုကို ဖြစ်မြောက်အောင် ကြိုးစားလိုသည့် မသန်စွမ်းဘောလုံးသမားလေး၏ အိမ်မက်မှာ တစ်နေ့တွင် ဘောလုံးနည်းပြတစ်ဦးဖြစ်လာစေရန်ဖြစ်သည်။

အေအက်ဖ်ပီ

ဘောလုံးကို အစွဲအလန်းကြီးသည့် မြန်မာဆယ်ကျော်သက်လေး မောင်ကောင်းခန့်လင်းသည် မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးသူဖြစ်သော်လည်း သူလေးစားအားကျသူမှာ လီယိုနယ်မက်ဆီဖြစ်သည်။ သူက မကြာသေးခင်က ပြိုင်ပွဲတစ်ခုတွင် အကောင်းဆုံးကစားသမားဆု ချီးမြင့်ခံရသူဖြစ်သည်။

သို့သော်လည်း အသက် ၁၆ နှစ်သားလေးက ခြေထောက်တစ်ဖက် ချိုင်းထောက်တစ်ဖက်ဖြင့် ဘောလုံးကွင်းမှာ ညွှန်ကြားသည့်အတိုင်း ကျင်လည်စွာကစားနိုင်သူဖြစ်သည်။ သူက သူ့အသင်းတွင် တစ်ဦးတည်းသော မသန်စွမ်းဘောလုံးသမားဖြစ်သည်။ “ကျွန်တော်ဘောလုံးကစားတိုင်း ကျွန်တော့ ခြေထောက်တွေနဲ့ ပတ်သက်လို့ မေ့မေ့နေတယ်။ ပုံမှန်လူတစ်ယောက်လို ကျွန်တာ်ကစားတယ်” ဟု အသင်းဖော်များနှင့်အတူ သူ၏ သွင်းဂိုးအတွက် အောင်ပွဲခံပြီးနောက် အေအက်ဖ်ပီသို့ ပြောသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ သဲဆန်သည့်ကွင်းတွင် သူက မယုံနိုင်လောက်သည့် သွက်လက်မှုဖြင့် ဘောလုံးကို တို့ကာတို့ကာသယ်ယူပြီ ချိုင်းထောက်ဖြင့် ခြာကနဲလှည့်ကာ သူ၏ဘယ်ခြေဖြင့် ဂိုးသွင်းယူလိုက်သည်။ ကောင်းခန့်လင်းလေးမှာ ညာခြေထောက် ငုံးတိလေးဖြင့် မွေးလာခဲ့ပြီး ယခုအခါ ၎င်းငုံးတိခြေထောက်လေးမှာ ဘောင်းဘီထဲမှ အပြင်သို့ ငေါထွက်နေသည်။

သူငါးနှစ်သားအရွယ်က လမ်းထဲတွင် သူ့ဦးလေးလုပ်ပေးသည့် သစ်သားချိုင်းထောက်ဖြင့် ဟန်ချက်ထိန်းကာ ဘောလုံးတစ်လုံး ပထမဆုံး ကန်ခဲ့ရသည်ကို သတိရနေသည်။ ကွင်းထဲတွင် စွယ်စုံရသည်ဟု သူကိုယ်သူမြင်ထားကာ သူ၏အဓိကအားနည်းချက်ဖြစ်သည့် မသန်စွမ်းဖြစ်မှုကိုပင် မမြင်တော့ပေ။

“ဘယ်သူမှ ကျွန်တော့ကို ကျော်လို့မရဘူုး။ ဒါပေမဲ့ ကျွန်တော်က အရပ်ပုတော့ ဖရီးကစ်လိုဟာမျိုးတွေကိုတော့ ခုခံဖို့ခက်ပါတယ်” ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံ၌ လူ ၅၀ လျှင် တစ်ဦးနီးပါးမှာ လမ်းလျှောက်လျှင် မသန်စွမ်းသည့်ပုံစံအချို့ရှိသည်ဟု ၂၀၁၄ ခုနှစ်က နောက်ဆုံး ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

ကောင်းခန့်လင်းကဲ့နှင့် မတူသည်မှာ ၎င်းအများအပြားမှာ နိုင်ငံ၏ မတည်ငြိမ်သည့် နယ်ခြားဒေသများရှိ ပဋိပက္ခဖြစ်ရာနေရာများတွင် ထောင်ထားသည့် မိုင်းများနင်းမိရာမှ အသက်ရှင်သန်ခဲ့သူများဖြစ်သည်။

မသန်စွမ်းဖြစ်သူများမှာ ကြီးမားသည့် ခွဲခြားဆက်ဆံခံရမှုများနှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့အနက် ၈၅ ရာခိုင်နှုန်းမှာ အလုပ်မရှိကြဟု မသန်စွမ်းသူများ၏ အခွင့်အရေးအတွက် ရပ်တည် ကာကွယ်ပေးနေသည့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)၏ ပရိုဂရမ်မန်နေဂျာ ဒေါ်သင်းသင်းထက်က ပြောသည်။

“မသန်စွမ်းတွေက အလုပ်မလုပ်နိုင်ဘူးလို့ လူများစုက ထင်နေတာ” ဟု ၎င်းကပြောသည်။

မက်ဆီကို အားကျသူ

ကောင်းခန့်လင်းသည် ယခုအချိန်အထိ ခက်ခဲ့သည်ကိုမှ ဖြစ်မြောက်အောင် လုပ်ချင်နေသူဖြစ်သည်။ ရပ်ကွက်များတွင် အသင်းလိုက် အားကစားယှဉ်ပြိုင်မှုများ ပြုလုပ်လေ့ရှိသည့် လွတ်လပ်ရေးနေ့တွင် ကျင်းပသော ဘောလုံးပြိုင်ပွဲတစ်ခုမှတစ်ဆင့် ပြည်တွင်းတွင် ကျော်ကြားမှု စတင်ရရှိလာပြီဖြစ်သည်။

ဓာတ်ပုံ-အေအက်ဖ်ပီ

ဓာတ်ပုံ-အေအက်ဖ်ပီ

၎င်း၏သွင်းဂိုးနှစ်ဂိုးက အသင်းကို အောင်ပွဲရစေခဲ့သည်။ ထို့အပြင် ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆုပ်ကိုင်နိုင်ခဲ့သည်။ ကောင်းခန့်လင်း၏ ခြေထောက်ကျိုးသွားမည်ကို အသင်းဖော်များက စိုးရိမ်နေလေ့ရှိသော်လည်း ၎င်း ဘောလုံးကစားနေခြင်းအား ရပ်တန့်နိုင်သည့်နည်းလမ်း ၎င်းတို့တွင်မရှိတော့ဟု အသက် ၁၄ နှစ်အရွယ် အသင်းဖော် ကိုမိုးဆက်ဟန်က ရှင်းပြသည်။

၎င်းတို့က နံနက်မှ မိုးချုပ်အထိ ထမင်းမေ့ဟင်းမေ့ တစ်နေ့လုံးကစားလေ့ရှိပြီး ဖခင်ဖြစ်သူက မသင့်တော်ကြောင်း ဆူပူကြိမ်းမောင်းတော့မှသာ ကစားခြင်းကို ရပ်တန့်ကြေင်း မိုးဆက်ဟန်က ပြောသည်။ သို့သော် သူ့သားကစားသည်ကို သွားမကြည့်နိုင်ခဲ့ကြောင်း ကောင်းခန့်လင်း၏ ဖခင်ဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဆေးသုတ်သမားနှင့် အိမ်အလှမွမ်းမံသူက ဝန်ခံသည်။

“ကျွန်တော့ရှေ့မှာ သူဒဏ်ရာရသွားမှာကို ကျွန်တော် မကြည့်ချင်ပါဘူး” ဟု စိုးမင်းထွန်းက ပြောသည်။ ထို့အပြင် သားဖြစ်သူ တက္ကသိုလ်တက်နေသည်ကို မြင်လိုသည်ဟုလည်း ၎င်းကဆိုသည်။ ကောင်းခန့်လင်းအနေဖြင့် ၎င်း၏အိမ်မက်မှာ တစ်နေ့တွင် ဘောလုံးနည်းပြတစ်ဦးဖြစ်လာရန် ဖြစ်သော်လည်း စက်မှုအင်ဂျင်နီယာပညာများကို သင်ယူရန် မျှော်လင့်ချက်ဖြင့် ကျောင်းတွင် စာကြိုးစားနေသူတစ်ဦး ဖြစ်သည်။

သို့သော်လည်း ၎င်း အားကျသည့်သူရဲကောင်းဖြစ်သူ အာဂျင်တီးနားလူမျိုး ဘာစီလိုနာအသင်း၏ အကျော်အမော်ကစားသမား လီယိုနယ်မက်ဆီအား မီရန် ဆက်လက်ကြိုးစားမည်ဆိုသည်။

“သူလည်းဘယ်သန်၊ ကျွန်တော်လည်း ဘယ်သန်လေ” ဟုသူကပြောသည်။ “သူလိုကောင်းအောင် ကျွန်တော် အလွတ်တည်ကန်ဘော ဖရီးကစ်တွေ လေ့ကျင့်တယ်”ဟု ကောင်းခန့်လင်းက ပြောသည်။

ခေါင်းစီးဓာတ်ပုံ-အေအက်ဖ်ပီ

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.